တောင်တက်သမားမစိမ့်ထက် သေဆုံးမှုတွင်အဖွဲ့ခေါင်းဆောင်နှစ်ဦးကို ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်

0
173

တောင်တက်သမားမစိမ့်ထက် သေဆုံးမှုတွင်အဖွဲ့ခေါင်းဆောင်နှစ်ဦးကို ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်

ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သော တောင်တက်သမား မစိမ့်ထက်အမှုတွင် တောင်တက်အဖွဲ့ခေါင်းဆောင်နှစ်ဦးဖြစ်သော ကိုဇော်ဇင်ခိုင်နှင့် ကိုအောင်ခိုင်မြင့်တို့ နှစ်ဦးကို ထောင်ဒဏ်အပါအဝင် ငွေဒဏ်ကိုပါ အသီးသီးချမှတ်ခဲ့ကြောင်း မိသားစုဝင်တစ်ဦးထံမှသိရသည်။

အဆိုပါ အပြီးသတ်အမိန့်ချမှတ်မှုကို ဧပြီလ ၂၇ ရက်က ပူတာအိုမြို့နယ် တရားရုံးကအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမှုတွင် ပေါ့လျော့မှုကြောင့် လူသေဆုံးစေမှု ပုဒ်မ ၃၀၄(က)အမှုအတွက် တစ်ဦးလျှင် ထောင်ဒဏ် တစ်နှစ်ခွဲနှင့် ငွေဒဏ်သုံးသိန်း ကျပ်စီ ချမှတ်ခဲ့ပြီး၊မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဒ်မ ၃၃အမှုအတွက် တစ်ဦးလျှင်ထောင်ဒဏ် ၁ လနှင့်ငွေဒဏ်တစ်သိန်းကျပ်စီ အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။

” လူတစ်ယောက်လုံးသေဆုံးမှုမှာပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတဘူးလို့ဘဲ မြင်ပါတယ်။အမှု က ကိုဗစ် ကြောင့်နဲ့ တခြား အကြောင်းကြောင်း ကြောင့် ၃ နှစ် ခန့် ကြာ ရှည်ခဲ့တယ်” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

အမှုနှင့် ပတ်သက်၍ ပြီးခဲ့သော ဧပြီ ၆ ရက်တွင် ပူတာအိုမြို့နယ်တရားရုံးတွင် နှစ်ဘက်ရှေ့နေများအပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ လူသေဆုံးမှုအတွက် တောင်တက်အဖွဲ့တစ်ခုဖြစ်သည့် The Summiter အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နှင့် ကိုအောင်ခိုင်မြင့်တို့ နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) (ပေါ့လျော့မှုကြောင့် လူသေဆုံးစေမှု)နှင့် ပုဒ်မ ၃၃ (မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာ )တို့ဖြင့် ပူတာအိုမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မစိမ့်ထက်အနေဖြင့် ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးသည့်နေ့သည် ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ယခု ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် သုံးနှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ The Summiter အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နှင့် ကိုအောင်ခိုင်မြင့်တို့ နှစ်ဦးအပါအဝင် တောင်တက်သမား ၂၁ ဦးတို့သည် ၂၀၁၉ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ပူတာအိုမြို့မှ ဖန်ဂရမ်ရာဇီရေခဲတောင်သို့ ထွက်ခွာခဲ့ကြပြီး၊ ဧပြီ ၁၂ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် နိုင်ငံတော်အလံလွှင့်ထူကာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြပြီး နံနက် ၉နာရီ မိနစ် ၃၀ အချိန်တွင် တောင်ပေါ်မှ ပြန်လည်ဆင်းသက်စဉ် မစိမ့်ထက်မှာ ပေ၂ဝဝဝကျော်ရှိသော ရေခဲချောက်ထဲသို့ ခြေချော်ပြုတ်ကျ ခဲ့ခြင်းဖြစ်သည်။

မစိမ့်ထက်အတွက် ရည်စူး၍ ဒေသခံပြည်သူများနှင့် ခရီးသွားသူများ အဆင်ပြေစေရန် ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီရေခဲတောင်သို့ သွားရာလမ်းတွင် မစိမ့်ထက် အမည်ရှိ တံတားတစ်စင်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here