မုဒုံမြို့နယ်တွင် ရော်ဘာရုံ၌မှိုင်းခံစဥ် မီးလောင်မှုဖြစ်ပွား၍ ၁၀ ဦးကျော်အားဆေးရုံသို့ပို့ခဲ့ရ

0
159

မုဒုံမြို့နယ်တွင် ရော်ဘာရုံ၌မှိုင်းခံစဥ် မီးလောင်မှုဖြစ်ပွား၍ ၁၀ ဦးကျော်အားဆေးရုံသို့ပို့ခဲ့ရ

မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ဘဲရမ်းကျေးရွာရှိ ရွှေမြန်မာ ရော်ဘာရုံ၌ရော်ဘာမှိုင်းခံစဥ် မေ ၄ ရက်(ယနေ့)နံနက် ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မုဒုံမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှသိရသည်။

ရာဘာရုံအတွင်းရှိ အလျား ၁၅၈ ပေ၊အနံ ၆ ပေ၊အမြန့် ၄ ပေရှိ ရာဘာမှိုင်းခံလိုင်းအတွင်း မှိုင်းခံစဥ် ရာဘာများအားမီးစွဲကာ မီးလောင်ကျွမ်းခဲ့ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်စဥ်အား မုဒုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊မုဒုံမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများနှင့်ရော်ဘာစက်ရုံရှိ ဝန်ထမ်းများမှဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်ခဲ့သဖြင့် နံနက် ၈ နာရီခန့်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုမှာ Level 1 အဆင့်ရှိသည်ဟု သိရသည်။

“ဆေးရုံပို့ရတဲ့လူတွေကမီးခိုးမွှန်ပြီး အသက်ရှူကြပ်လို့ဆေးရုံပို့ရတာပါ မီးကအများကြီးလောင်တာမဟုတ်ပါဘူး မီးခိုးတွေပဲထွက်တာများတယ် မီးခိုးတွေထွက်တာနည်းတဲ့အထိလုပ်ပြီးတော့မှ မီးကိုအပြီးသတ်ငြိမ်းရတာပါ”ဟုရာမညအရေးပေါ်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်တွင် မီးခိုးမွှန်၍အသက်ရှူကြပ်သူများအား မုဒုံမြို့ပြည်သူ့ဆေးရုံ၊ထွန်းတောက်ပုဂ္ဂလိကဆေးရုံနှင့်မော်လမြိုင်မြို့ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် စက်ရုံမန်နေဂျာအား မုဒုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here