မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသည့်သူများအားလုံးကို ဆက်လက်အားပေးထောက်ခံသွားမည့် ကတိကဝတ်တို့ကို အမေရိကန်အလေးပေး ပြောကြား

0
136

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသည့်သူများအားလုံးကို ဆက်လက်အားပေးထောက်ခံသွားမည့် ကတိကဝတ်တို့ကို အမေရိကန်အလေးပေး ပြောကြား

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းသည် NUGမှ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်အပါအဝင် NUG ကိုယ်စားလှယ်များနှင့် ဝါရှင်တန်မြို့တော်တွင် ယနေ့ တွေ့ဆုံခဲ့စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကဖော်ပြသည်။

အာဆီယံခေါင်းဆောင်အများစုသည် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ဝါရှင်တန်မြို့တော်သို့ ရောက်ရှိနေကြသည်ဖြစ်ရာမြန်မာနိုင်ငံ၏အကြပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြရန် တွန်းအားပေးရာတွင် အမေရိကန်ပြည်ထောင်စုသည် အာဆီယံနှင့် အခြားသော မိတ်ဖက်များနှင့်အတူ ဆက်လက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းကအလေးထား ပြောကြားခဲ့သည်ဟုသိရသည်။

ယင်းအပြင် အကြမ်းဖက်မှုများကြောင့်ဖြစ်ပေါ်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းကိစ္စကို ၄င်းတို့နှစ်ဦးသည် ရှုတ်ချခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းမှ အကူအညီလိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများအကန့်အသတ်အတားအဆီးမရှိရောက်ရှိနိုင်ရေး ကို တောင်းဆိုခဲ့ကြသည်ဟုသိရသည်။

အမေရိကန်သို့ရောက်ရှိနေသည့် ဒေါ်ဇင်မာအောင်က သူမသည် မလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံရန်ရှိသည်ဟု RFAကိုဖြေကြားထားသည့်အပြင် အခြားသက်ဆိုင်သူအချို့နှင့်ပါတွေ့ဆုံရန်ရှိနေသည်ဟုလည်းသိရကာ ဒေါ်ဇင်မာအောင်ဘက်က ထုတ်ဖော်ပြောကြားခြင်းတော့မရှိခဲ့ပေ။

ယခုကျင်းပနေသည့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတွင် နစကကိုဖိတ်ကြားခြင်းမရှိခဲ့ဘဲ အာဆီယံ၏ ထိပ်တန်းအဆင့်အစည်းအဝေးများအတိုင်း မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ် ကလည်း မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်ရာတွင် အာဆီယံနှင့် မိမိတို့၏ မိတ်ဖက်လက်တွဲမှုသည် အရေးပါလှကာ အာဆီယံခေါင်းဆောင်များ ဝါရှင်တန်သို့ ဆိုက်ရောက်သည့်အခါ ဆွေးနွေးကြမည့် ခေါင်းစဉ်များထဲတွင် ယခုအကြောင်းအရာသည်လည်း တစ်ခုဖြစ်လိမ့်မည်ဟု မိမိ အသေအချာ မျှော်လင့်ကြောင်းပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here