လူသတ်အလောင်းဖျောက်ခံရသည့် အသေးစားချေးငွေကုမ္ပဏီ ဝန်ထမ်း၏ ရုပ်အလောင်းကို ယနေ့ သဂြိုဟ်

0
368

လူသတ်အလောင်းဖျောက်ခံရသည့် အသေးစားချေးငွေကုမ္ပဏီ ဝန်ထမ်း၏ ရုပ်အလောင်းကို ယနေ့ သဂြိုဟ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာတွင် အသေးစားချေးငွေကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး အသတ်ခံရပြီး အလောင်းဖျောက်မှုဖြစ်စဥ်တွင်၊ အသတ်ခံရသူ၏ ရုပ်အလောင်းကို ယနေ့ သဂြိုလ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။

အဆိုပါ ချေးငွေကုမ္ပဏီမှ အသတ်ခံရသူ အသက် (၃၀) အရွယ် ကိုအောင်သီဟကို ယနေ့မွန်းလွဲ ၃နာရီတွင် သထုံမြို့၊ ကျောက်တန်း သုသာန်၌ သဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” ဒီနေ့ ကျောက်တန်းသုသာန်မှာသဂြိုဟ်မှာပါ။ သူ့အတွက် နစ်နာကြေးအနေနဲ့ ကုမ္ပဏီက လုပ်ပေးဖို့ရှိတယ်လို့ကြားတယ်။ သူကကုမ္ပဏီကနေ ချေးငွေယူထားတဲ့လင်မယားနှစ်ဦးစီကို ချေးငွေကိစ္စပြန်ဆပ်ဖို့သွားပြောပြီးအပြန်မှာ ယောကျာ်းဖြစ်သူကနောက်ကနေ ဓားနဲ့ခုတ်လိုက်တာပါ။ ပြီးတော့ သူ့ရဲ့ခြံထဲမှာဘဲ မြေမြှပ်အလောင်းဖျောက်ခဲ့တာ”ဟု ဒေသခံတစ်ဦးကဆိုသည်။

လက်ရှိတွင်ကျူးလွန်သူမှာထွက်ပြေးတိမ်းရှောင်နေပြီး၊ အသတ်ခံရသည့်နေရာသည် ဒေသလုံခြုံရေးအရ သွားရန်မကောင်းသည့်နေရာတစ်ခုဖြစ်ကြောင်းသိရသည်။

ယင်းအမှုဖြစ်စဥ်တွင် ပြီးခဲ့သော မေ ၁၂ရက်နေ့က အသတ်ခံရသူ ကုမ္ပဏီဝန်ထမ်း ကိုအောင်သူရမှာ သထုံမြို့မှ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာရှိ ချေးငွေယူထားသူ လင်မယားနှစ်ဦးထံ ချေးငွေ ပြန်လည်ပေးသွင်းရန်ကိစ္စသွားရောက်ပြောဆိုပြီးအပြန်တွင် အသတ်ခံရခြင်းဖြစ်သည်။

ကျူးလွန်သူ၏ မိန်းမဖြစ်သူက ယင်းနေ့ ည၉နာရီအချိန်တွင် ကုမ္ပဏီသို့ ဖြစ်စဥ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဖုန်းဆက်အကြောင်းကြားခဲ့ရာမှ သိရှိခဲ့ရသည့်ဖြစ်စဥ်တစ်ခုဖြစ်သည်။

ထို့နောက် မေ ၁၃ရက်နေ့ နံနက်ပိုင်းတွင် ကုမ္ပဏီတာဝန်ရှိသူများနှင့်ဒေသခံ လူမှုကူညီရေးအဖွဲ့တို့ သွားရောက်၍ အလောင်းအားဖော်ယူခဲ့ကြပြီးနောက် သထုံမြို့ပြည်သူဆေးရုံကြီးသို့ပြန်လည်သယ်ဆောင်လာခဲ့ကြောင်းသိရသည်။

အဆိုပါ အသတ်ခံရသူဝန်ထမ်းမှာ စင်ကာပူအခြေစိုက် အသေးစားချေးငွေဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော Sathapana ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးဖြစ်သည်။

အဆိုပါ ကုမ္ပဏီသည် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း (၆၀)တွင် ရုံးခွဲများဖွင့်လှစ်ထားပြီး စိုက်ပျိုးစရိတ်ချေးငွေ၊ အသေးစား စီးပွားရေးလုပ်ငန်း ချေးငွေနှင့် စုငွေ စုဆောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများ ပြုလုပ်ပေးနေခြင်းဖြစ်သည်။

Photo-ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်


LEAVE A REPLY

Please enter your comment!
Please enter your name here