ကျောက်တော်မြို့နယ်၌ မြေတူးရာမှ ဘူမိဖဿမုဒြာဟန် ထိုင်တော်မူကျောက်ဆင်းတုတော်တစ်ဆူတွေ့ရှိ

0
130

ကျောက်တော်မြို့နယ်၌ မြေတူးရာမှ ဘူမိဖဿမုဒြာဟန် ထိုင်တော်မူကျောက်ဆင်းတုတော်တစ်ဆူတွေ့ရှိ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ကျားနက်ကန်ကျေးရွာအနောက်ဖက်ရှိ ပြူးမချောင်းအနီး ကန်ချေပြင်ကွင်း၏ ဦးညွှန့်မောင်ပိုင်ဆိုင်သည့် လယ်ကွင်းပြင်အတွင်းမှ မေ ၁၃ ရက်တွင် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဟင်းသီးဟင်းရွက်များစိုက်ပျိုးရန် မြေတူးဆွရာမှ ထိုင်တော်မူကျောက်ဆင်းတုတော်တစ်ဆူ ထွက်ပေါ်လာခဲ့ကြောင်း သတင်းအရ တာဝန်ရှိသူများမှသွားရောက်စစ်ဆေးရာ ထိုင်တော်မူ‌ကျောက် ဆင်းတုတော်သည် သဲကျောက်အမျိုးအစားဖြစ်ကာ ဉာဏ်တော် ၅ပေ ၅လက်မ၊ရင်ဝအကျယ် ၂ ပေ ၄လက်မနှင့်ဒူးစွန်အကျယ် ၄ ‌ပေရှိပြီး မုဒြာမှာ ဘူမိဖဿမုဒြာဟန်နှင့်အာသနမှာ ခြေထပ်တင်ပလ္လင်ခွေဟန်ဖြစ်ကာ စမ္မခဏ်နှင့်တွဲလျက်ပါရှိပါကြောင်း သိရသည်။

ထို့ပြင် ဦးခေါင်းတော်အား ဆံကျစ်လုံးပုံစံပြုလုပ်ထားပြီး ဥဏှိဿတွင် ရောင်လျှံတော်နှစ်ဆင့် ပြုလုပ်ထားသည်။

ထိုင်တော်မူကျောက်ဆင်းတုတော်တူးဖော်တွေ့ရှိခဲ့သည့်နေရာမှာ စေတီကုန်းဟောင်းတစ်ခုဖြစ်ပြီး ကုန်းအကျယ် ၂၅ ပေ ပတ်လည်ခန့်ရှိ၍ အောက် ခြေပန္နက်ရာများတွေ့ရှိခဲ့ရသည်။

ထို့အတူ ကျောက်ဆင်းတုတော်၏ နားရွက်တော်မှာပုခုံးတော်နှင့်ထိစပ်ပြီး မြေပေါ်သို့မှောက်လျက်ကျရာမှ မျက်လုံးတော်၊မေးတော်နှင့်နှာ ခေါင်းတော်တို့မှာ ပဲ့ကြေခဲ့ပြီး ခါးအလယ်တွင် ထက်ပိုင်းကျိုးပျက်နေသည်။

ထို့ပြင် မျက်နှာတော်ဟန်သည် ဓညဝတီခေတ်နှောင်းမှဝေသာလီခေတ်ဦးသို့ ကူးပြောင်းလာသည့်ဟန်ဖြစ်ကာ လည်ရေးသုံးရစ်ပါရှိပြီး ပါးလွှာသည့် သင်္ကန်းတော်အား ဝတ်ရုံထားရှိကာ အေဒီ-၄ ရာစုခန့်က ထုဆစ်ပြုလုပ်ကိုးကွယ်ခဲ့သည့် ကျောက်ဆင်းတုတော်တစ်ဆူဟုယူဆရကာ တွေ့ရှိခဲ့သည့် ကုန်းအနီး၌အပူဇော်ခံထားရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here