ငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံတည်ဆောက်ရေး၊တိုင်းပြည်တည်ဆောက်ရေးတို့အား ပိုမိုသွက် လက်စွာဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌပြော

0
466

ငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံတည်ဆောက်ရေး၊တိုင်းပြည်တည်ဆောက်ရေးတို့အား ပိုမိုသွက် လက်စွာဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်လာသည့် ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)KNU/KNLA(PC)ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား မေ ၂၆ ရက်(ယနေ့)နံနက်ပိုင်းက တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းနှင့်ပြည်နယ်တိုင်း၌ တိုင်းရင်းသားလူမျိုးတစ်ခုတည်းသာ သီးသန့်နေထိုင်သည်မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံအတူတကွပေါင်းစည်းနေ ထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စု အကျိုးကြည့်ကာ ဆောင်ရွက်သွားကြမည့်အခြေအနေများအား နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံတည်ဆောက်ရေး (State Building)၊တိုင်းပြည်တည်ဆောက်ရေး (Nation Building)ကို ပိုမိုသွက်လက်အောင် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် မိမိတိုင်းရင်း သား၊မိမိပြည်နယ်နဲ့မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အသိပ ညာ၊အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်း အမြစ်များပေါ်ထွက်လာရန် အဓိကလိုအပ်၍ တစ်နိုင်ငံလုံးတိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးအား လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

အလားတူ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အားအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့နှင့်ပတ်သက်၍လည်း နစက ဥက္ကဋ္ဌမှဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်း ချမ်းရေးကောင်စီ)KNU/KNLA(PC)ဥက္ကဋ္ဌစောထော့လေးမှလည်း ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက်အမြင်များအား ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား နစက ဥက္ကဋ္ဌထံတင်ပြခဲ့ပြီး ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးတို့နှင့်ပတ်သက်၍ နှစ်ဖက်အမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်း ချမ်းရေးကောင်စီ)KNU/KNLA(PC)ဥက္ကဋ္ဌစောထော့လေးနှင့်အတူ ဒု-ဥက္ကဋ္ဌနော်ကပေါ်ထူးနှင့် ဗဟိုကော်မတီဝင်စောမောင်မောင် တို့လည်းတက်ရောက်ဆွေးနွေးခဲ့သည်။

KNU/KNLA(PC)ဥက္ကဋ္ဌစောထော့လေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နစက မှဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်း ချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here