အုတ်ဖိုမြို့တွင် ရဲဝန်ထမ်းဟောင်း တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
232

အုတ်ဖိုမြို့တွင် ရဲဝန်ထမ်းဟောင်း တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊အုတ်ဖိုမြို့၊အမှတ်(၂) ရပ်ကွက်တွင် ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကာ ကိုရီးယားတုတ်ထိုးမျိုးစုံရောင်းချသည့် ဆိုင်ပိုင်ရှင်ဦးမြင့်လွင်သည် မေ ၂၉ ရက်ည ၇ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဦးမြင့်လွင်သည် အမှတ်(၂)ရပ်ကွက်ရှိ ကားလမ်းဘေး၌ ကိုရီးယားတုတ်ထိုးများအား ဆိုင်ဖွင့်ရောင်းချနေစဥ် အမည်မသိအမျိုးသားများက ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ် ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်လွင်၌ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် အုတ်ဖိုမြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ်သေဆုံးသွားခဲ့သည်ဟု သိရသည်။

“ကျွန်တော်သိသလောက်ဆိုရင် ဦးမြင့်လွင်က ရဲဝန်ထမ်းဟောင်းတစ်ယောက်ပါ ဆေးရုံပို့နေတုန်းလမ်းမှာသွေးထွက်လွန်ပြီးသေသွားတယ်လို့ သိထားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များမှလာရောက်စစ်ဆေးခဲ့ကြပြီး ကျည်ခွံအချို့အား သိမ်းဆည်းရမိခဲ့ကာ ပြစ်ခတ်မှုတွင် မီးဖိုနှင့်ကိုရီးယားတုတ်ထိုးများထည့်ထားသည့် စတီးဗန်းတို့တွင်လည်း ကျည်ထိမှန်မှုများရှိခဲ့သည်ဟု သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here