တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူ ၅၆ သိန်းကျော်တက်ရောက်ပညာသင်ကြားလျက်ရှိ

0
74

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူ ၅၆ သိန်းကျော်တက်ရောက်ပညာသင်ကြားလျက်ရှိ

အခြေခံပညာစာသင်ကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အားဖွင့်လှစ်ခဲ့သည့် ဇွန် ၂ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ကျောင်းသူ ၅၆ သိန်းကျော်တက်ရောက်သင်ကြားလျက်ရှိသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်းကျောင်းများ၌ ကျောင်းသား၊ကျောင်းသူ ၅၆၃၁၈၃၈ ဦး တက်ရောက်သင်ကြားလျက်ရှိသဖြင့် ရာခိုင်နှုန်းအနေဖြင့် ၉၃ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထိုသို့ တက်ရောက်ရာတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အခြေခံပညာမူလတန်းကျောင်းများ၌ ကျောင်းအပ်နှံသည့် ကျောင်းသား၊ကျောင်းသူ ၄ ဒသမ ၂ သန်း ရှိကာ တက်ရောက်သူ ၃ ဒသမ ၉ သန်း ရှိသည်ဟု သိရသည်။

အလားတူ အခြေခံပညာအလယ်တန်းကျောင်းများ၌ ကျောင်းအပ်နှံသည့် ကျောင်းသား၊ကျောင်းသူ ၁ ဒသမ ၃ သန်း ရှိကာ တက်ရောက်သူ ၁ ဒသမ ၂ သန်း၊ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းအပ်နှံသည့် ကျောင်းသား၊ကျောင်းသူ ၄ ဒသမ ၁ သန်း ရှိပြီး တက်ရောက်သူ ၃ ဒသမ ၈ သန်း ရှိကြောင်းသိရသည်။

ထို့ပြင် ကျောင်းတက်ရောက်သည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကာ ကျောင်းသား၊ကျောင်းသူများအား နှာခေါင်းစည်း(Mask)များဝေပေးခဲ့ကြသည်။

ထို့အတူ ကျောင်းသား၊ကျောင်းသူများအား နှာခေါင်းစည်း(Mask)များ၊ Faceshield များ စနစ်တကျတပ်ဆင်စေကာ ကိုယ်အပူချိန်တိုင်း ခြင်း၊စနစ်တကျလက်ဆေးစေခြင်းတို့အား ဆရာ၊ဆရာမများနှင့်တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၊ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့်ဘေးအန္တရာယ်ကင်းရှင်းစေရန် လုံခြုံရေးအဖွဲ့များနှင့်တာဝန်ရှိသူများမှလည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကာ တိုင်းနှင့်ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊တိုင်မှူးများနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။

အခြေခံပညာကျောင်းများစနစ်တကျဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ရာအဖွဲ့ အစည်းများမှတာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်(၁၉)ရောဂါ စည်းကမ်းများနှင့်အညီ စာသင်ခုံများနေရာချထားခြင်း၊စာသင်ချိန်များအားစနစ်တကျစီမံထားခြင်း၊ကျောင်းကြို/ပို့ကားများစီစဉ်ထားခြင်း၊ကျောင်းများအတွင်း ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများ စီစဉ်ထားခြင်းနှင့်ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်ခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here