YBS စီးနင်းသည့် ခရီးသွားများအပေါ် အုပ်စုဖွဲ့ခါးပိုက်နှိုက်ခြင်း၊ လုယက်ခြင်းတို့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများစတင်ဆောင်ရွက်မည်

0
68

YBS စီးနင်းသည့် ခရီးသွားများအပေါ် အုပ်စုဖွဲ့ခါးပိုက်နှိုက်ခြင်း၊ လုယက်ခြင်းတို့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများစတင်ဆောင်ရွက်မည်

YBS စီးနင်းသည့်ခရီးသွားများအပေါ် အုပ်စုဖွဲ့ခါးပိုက်နှိုက်ခြင်း လုယက်ခြင်းဖြစ်စဥ်ဖြစ်ပွားမှုများအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးကပြောသည်။

YBS စီးနင်းသည့်ခရီးသွားများ သက်ဆိုင်ရာယာဥ်များပေါ်တွင် လိုက်ပါစီးနင်းစဥ် ခါးပိုက်နှိုက်ခံခြင်းများ အုပ်စုဖွဲ့ အနိုင်ကျင့် လုယက်ခြင်း ဖြစ်စဥ်များအတွက် YRTC အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတဆင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ယင်းဖြစ်စဥ်များအတွက် အရေးယူဆောင်ရွက်ပေးနိုင်ရန်ညွှန်ကြားထားပြီဖြစ်ကြောင်းသိရသည်။

” ဒီလိုကိစ္စမျိုးတွေဖြေရှင်းဖို့ ရဲတပ်ဖွဲ့က ဆောင်ရွက်တတ်ပါတယ်။ အသွင်ယူဖမ်းစီးခြင်းမျိုးတွေ လုပ်ပါလိမ့်မယ်။ တိုင်းဒေသကြီးအစိုးရက ရဲတပ်ဖွဲ့ကိုညွှန့်ကြားထားပြီးပါပြီဟု YRTC တာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBSယာဥ်များပေါ်တွင် နေ့စဥ်ခရီးသွားလာသူပြည်သူများအား အုပ်စုဖွဲ့ခါးပိုက်နှိုက်ခြင်း၊ အုပ်စုဖွဲ့လုယက်ခြင်းများကြုံတွေ့နေသည့်အတွက် ယင်းသို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း YBS ယာဥ်လိုင်းပေါင်း ၁၁၃လိုင်း၊ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့်ပြေးဆွဲပေးနေပြီး၊ နေ့စဥ် ခရီးသည် ကိုးသိန်းကျော်စီးနင်းသွားလာလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ဇွန် ၂ရက်ညနေပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ပေါက်တောဝမီးပွိုင့်အနီးတွင် တက္ကစီယာဥ်မောင်းတစ်ဦး၏ ပိုက်ဆံအိတ်အား ဆိုင်ကယ်ဖြင့်အုပ်စုဖွဲ့လုယက်ရာ ယာဥ်မောင်းက ပြန်လည်ခုခံသဖြင့် လက်ကိုဓားဖြင့် လှီးဖြတ်ခံရသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here