ဒေါက်တာဇော်မြင့်မောင်အားစွဲဆိုထားသော အဂတိအမှု ငါးမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးမည်

0
64

ဒေါက်တာဇော်မြင့်မောင်အားစွဲဆိုထားသော အဂတိအမှု ငါးမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးမည်

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အဂတိအမှုငါးမှုအတွက် ယခုလ ဇွန် ၈ ရက်တွင် အပြီးသတ်လျှောက်လဲချက်များ အသီးသီးပေးသွားရန်ရှိနေကြောင်း တရားရုံးနှင့် နီးစပ်သူရှေ့နေအသိုင်းအဝိုင်းထံမှသိရသည်။

အဆိုပါ အဂတိအမှုငါးမှုမှာ ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ထိုင်းနိုင်ငံတွင်ဆေးသွားရောက်ကုသစဉ်အချိန်က စီးပွားရေးလုပ်ငန်းရှင်နှစ်ဉီးထံမှ ဆေးကုသစရိတ်လက်ခံရယူထားသည်ဆိုသောအမှုနှင့် NLD ရုံးမြေနေရာအတွက် ပြင်ဉီးလွင်နှင့် မြင်းခြံမြို့တို့တွင် အဂတိလိုက်စား၍ မြေနေရာချထားပေးဟုသည်ဆိုကာစွဲဆိုထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တရားလိုပြုလုပ်၍ တိုင်ကြားထားသောအမှုများဖြစ်သည်။

“ ဒေါက်တာဇော်မြင့်မောင်ကို စွဲထားတဲ့ အဂတိငါးမှုစလုံးအတွက် လာမည့် ၈ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်အတွက် ကြားနာရမှာပါ။ အကျဉ်းထောင်အတွင်းက သီးသန့်တရားရုံးမှာဘဲ ကြားနာကြမှာပါ” ဟု ဆိုသည်။

လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် မျက်လုံးတိမ်ခွဲစိတ်ထားသည့်အခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး ၎င်း၏ကျန်းမာရေးအခြေနေမှာလည်း ကောင်းမွန်ကြောင်း သိရသည်။

ထို့အပြင် ဒေါက်တာဇော်မြင့်မောင်အား ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုလုပ်သည်ဟုဆိုကာ စွဲဆိုထားသော အမှုနှစ်မှုအနက် တစ်မှုအား ပြီးခဲ့သော ဇွန် ၃ ရက်တွင် ထောင်ဒဏ်တစ်နှစ် ထပ်မံချမှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အမှုနှစ်မှုမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် နှင့် အမရပူရမြို့နယ်တို့၌ မဲမသမာမှုပြုလုပ်သည်ဟုဆိုကာ စွဲဆိုထားသောအမှုတို့ဖြစ်ပြီး အမရပူရမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး ဉပဒေပုဒ်မ ၁၇၁(စ)နှင့် အောင်မြေသာဇံမြို့နယ်တရားရုံးက ရာဇသတ်ကြီးဉပဒေပုဒ်မ ၁၃၀(က) ဖြင့် တရားစွဲဆိုခံထားရခြင်းလည်းဖြစ်သည်။

“ဒေါက်တာဇော်မြင့်မောင်အနေနဲ့ ရွေးကောက်ပွဲကာလတုန်းက အမရပူရမြို့နယ်ထဲမှာ မဲကိစ္စအတွက် မလျော်သြဇာ သုံးတယ်ဆိုပြီး စွဲဆိုထားတဲ့ အမှုအတွက် ဇွန် ၃ ရက်က ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တာ ပါ။ အောင်မြေသာဇံမြို့နယ်ထဲက အမှုကတော့သက်သေအချို့စစ်ဖို့ကျန်နေသေးတယ်”ဟုဆိုသည်။

လက်ရှိတွင်ဒေါက်တာဇော်မြင့်မောင်အား ရာဇသတ်ကြီးဉပဒေပုဒ်မ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉပဒေပုဒ်မ ၂၅/၃၀(က) အမှုအတွက် ထောင်ဒဏ် ၂ နှစ် ၊ အမရပူရမြို့နယ်အတွင်း မဲကိစ္စအတွက်မလျော်ဩဇာသုံးသည်ဟုဆိုကာစွဲဆိုထားသောအမှုအတွက် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here