တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ် ဓာတ်ကိုအခြေခံကာငြိမ်းချမ်းသည့် ပြည်ထောင် စုအား တည်ဆောက်နိုင်ရန် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကပြော

0
215

တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ် ဓာတ်ကိုအခြေခံကာငြိမ်းချမ်းသည့် ပြည်ထောင် စုအား တည်ဆောက်နိုင်ရန် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကပြော

နစက ဥက္ကဋ္ဌမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ဇွန် ၁၃ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံ ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ရာ၌ ပြည်ထောင်စုအကျိုး၊ဒေသအကျိုးအား ဆောင်ရွက်လိုသည့်စိတ်ဆန္ဒဖြင့် လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ပထမဆုံးထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်ဟု ပြောသည်။

ထို့ပြင် နိုင်ငံတော်၌ခေတ်အဆက်ဆက်ပြောင်းလဲကျင့်သုံးခဲ့သည့် အုပ်ချုပ်မှုပုံစံများ အားသာချက်၊အားနည်းချက်များနှင့်ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်တို့အား နစက ဥက္ကဋ္ဌကပြောသည်။

“အခုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းပြည်ရဲ့ပကတိအနေအထားနဲ့ကိုက်ညီတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့တောင်းဆိုချက်တွေ အမှန်တကယ်ဖြစ်နိုင်ဖွယ်ရှိတာတွေကို အသေးစိတ်အကြေအလည်ဆွေးနွေးအဖြေရှာသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ရောက်ရှိလာခြင်းမရှိသေးသည့် NCA လက်မှတ်ရေးထိုးပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊လက်မှတ်ရေးထိုးရသေးခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်နှင့်ဒေသအကျိုးအားမြင်အောင်ကြည့်စေလိုကာ လာရောက်ဆွေးနွေးလိုသည့် စိတ်ဆန္ဒရှိပါက ယခင်ဖိတ်ခေါ်ကမ်းလှမ်းချက်များအတိုင်း ထပ်မံဖိတ်ခေါ်သည်ဟုပြောသည်။

“ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ဖို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာမှာ နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေရှိပေမယ့်လည်း ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဘဲ ဖြေရှင်းဆောင်ရွက်လိုတယ် တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ငြိမ်းချမ်းတဲ့ပြည်ထောင်စုကိုတည်ဆောက်နိုင်ဖို့အတွက် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ALP ဒု-ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များမှ နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့မှုအား ALP မှထောက်ခံကြိုဆိုကာ ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးတို့အား ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အား အခြေခံသည့် ပြည် ထောင်စုစနစ်တည်ဆောက်ရေးတို့နှင့် ပတ်သက်၍ သဘောထားတူညီချက်များအားဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုတင်ပြခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား နစက ဥက္ကဋ္ဌနှင့် ALP ဒု-ဥက္ကဋ္ဌတို့မှ နှစ်ဖက်အမြင်များအားအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့လနစက ဥက္ကဋ္ဌနှင့်အတူ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒု-ဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ခိုင်စိုးမြနှင့်ခိုင်ပေါ်လင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ALP ဒု-ဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစက မှဖွဲ့စည်းပေးထားသော ကောင်စီဝင် များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်း ချမ်းရေးဆွေးနွေးမှုများအား ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here