ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးအား စွဲဆိုထားသော ပုဒ်မ ၁၃၀ (က) အမှုအတွက် ယနေ့ ပြန်ခေါ်သက်သေ စစ်ဆေး

0
187

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးအား စွဲဆိုထားသော ပုဒ်မ ၁၃၀ (က) အမှုအတွက် ယနေ့ ပြန်ခေါ်သက်သေ စစ်ဆေး

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်းဦးဝင်းမြင့်နှင့် သမ္မတ ရုံးဝန်ကြီးဟောင်းဦးမင်းသူတို့ သုံးဦးကို စွဲဆိုထားသော ရွှေးကောက်ပွဲကာလအတွင်း မလျှော်သြဇာ အသုံးပြုမှုအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၁၃၀ (က)အမှုအတွက် ယနေ့ဇွန် ၁၇ ရက်တွင် ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးကြားနာခဲ့ကြကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယနေ့ ကြားနာစစ်ဆေးမှုကို နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်အထူးသီးသန့်တရားရုံးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိုင်းကျော်သူအား ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးကြားနာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ပြန်ခေါ်သက်သေတစ်ဦးတည်းအား ကြားနာစစ်ဆေးခဲ့ပြီး ရုံးချိန်းကို လာမည့် ဇွန်၂၄ ရက်သို့ ပြန်လည်ချိန်းဆိုထားကာ ပြန်ခေါ်သက်သေတစ်ဦးဖြစ်သူ ကော်မရှင်အဖွဲ့ဝင် ဦးရဲရင့်လွင်အား စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ မလျှော်သြဇာအသုံးပြုသည်ဟုဆိုကာ စွဲဆိုထားသော အမှုကို ကော်မရှင် ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်မျိုးလွင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုသည် ပြစ်မှု ထင်ရှားသည်ဟု စစ်ဆေးပေါ်ပေါက်ပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here