နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်​ကောင်းမွန်ရန် ပြင်သစ်သို့သွားရောက်မည့် ဩစတြေးလျ ဝန်ကြီးချုပ်

0
118

နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်​ကောင်းမွန်ရန် ပြင်သစ်သို့သွားရောက်မည့် ဩစတြေးလျ ဝန်ကြီးချုပ်

ကင်ဘာရာ၊ ဇွန် ၂၃ ရက်

ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်သည် လာမည့်အပတ်အတွင်း ပြင်သစ် သမ္မတ မက်ခရွန်န်နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ယခင်အစိုးရလက်ထက် ရေငုပ်သင်္ဘောစာချုပ် ဖျက်သိမ်းမှုကြောင့် ပျက်စီးသွားသော နှစ်နိုင်ငံဆက်ဆံရေးအား ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၃ ရက် ကြာသပတေးနေ့ က ပြောကြားခဲ့သည်။

အယ်လ်ဘာနီးစ်သည် စပိန်၌ကျင်းပသည့် နေတိုး ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဥရောပ၌ ရှိနေစဉ် မက်ခရွန်က ပြင်သစ်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း အယ်လ်ဘနီးစ်က ပြောသည်။

နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်ချိန်ညှိရန် လိုအပ်သဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ထားကာ ရေငုပ်သင်္ဘောကိစ္စနှင့် ပတ်သက်သော အစီအစဉ်များကိုလည်းပြန်လည်သုံးသပ်ပြုပြင်​နေကြောင်း အယ်လ်ဘာနီးစ်က ဩစတြေးလျ အသံလွှင့်ဌာနကို ပြောကြားခဲ့သည်။

ဩစတြေးလျဝန်ကြီးချုပ်ဟောင်း စကော့ ​မောရစ်ဆွန်သည် ပြင်သစ်အစိုးရပိုင်ကုမ္ပဏီမှ တည်ဆောက်မည့် ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘော ၁၂ စင်းပါဝင်သော ဒေါ်လာ ၆၂ ဘီလီယံ တန်ကြေးရှိ ကန်ထရိုက်ကို ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ၌ ကြေငြာခဲ့သဖြင့် ပြင်သစ်နိုင်ငံမှ အကြီးကျယ်​ဒေါသထွက်ခဲ့သည်။

ထို့နောက် ဩစတြေးလျသည် အမေရိကန်မှ နျူကလီယားနည်းပညာသုံး ရေငုပ်သင်္ဘောများပံပိုးပေးရန် အမေရိကန်၊ ဗြိတိန်တို့နှင့် သဘောတူညီမှုရယူခဲ့သဖြင့် ပြင်သစ်သည် ၎င်း၏သံတမန်များကို အမေရိကန်နှင့် ဩစတြေးတို့မှ ယာယီရုတ်သိမ်းခဲ့သည်။

မေလ ၂၁ ရက် ရွေးကောက်ပွဲ၌ အယ်လ်ဘာနီးစ်၏ လေဘာပါတီအာဏာရရှိလာကာ ယခင်အစိုးရဟောင်း၏ စာချုပ်ဖောက်ဖျက်မှုအတွက် ပြင်သစ်ရေတပ်အုပ်စုအား ဒေါ်လာ ၅၈၃ သန်း ပေးချေကာ ပြန်လည်သင့်မြတ်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လွန်ခဲ့သည့် နှစ်ပတ်က ကြေငြာခဲ့သည်။

Source: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here