UWSAက သုံးနှစ်အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများအား နိုင်ငံတော်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့ဟု ဆို

0
262

UWSAက သုံးနှစ်အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများအား နိုင်ငံတော်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့ဟု ဆို

၂၀၁၉-၂၀၂၂ ခုနှစ် သုံးနှစ်တာကာလအတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအပါအဝင် လက်နက်ခဲယမ်းများကို နိုင်ငံတော်အစိုးရသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း UWSA၏ ဝ ပြည်တောင်ပိုင်းဆက်ဆံရေးရုံးတာဝန်ခံ ဦးစံသိန်းက ပြောသည်။

“ကျွန်တော်တို့ ဒီသုံးနှစ်တာမှာဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကို နိုင်ငံတော်အစိုးရဆီကို လွဲပြောင်းပေးအပ်ခဲ့တာပါ။အရင်အစိုးရလက်ထက်တုန်းကလည်း လွှဲပေးခဲ့ပါတယ်”ဟု ဦးစံသိန်းက ဆိုသည်။

ယမန်နေ့ ဇွန် ၂၆ရက်က ကျရောက်သည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့၌ ဝ ပြည်တောင်ပိုင်း (၁၇၁)စစ်ဒေသအတွင်း ၂၀၁၉-၂၀၂၂ အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး သည့်အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအားမီးရှို့ဖျက်စီးသည့် အခမ်းအနားအား ဇွန် ၂၆ ရက် နံနက်ပိုင်း၌ ရှမ်းပြည်နယ် အရှေ့ပိုင်း(မိုင်းဆတ် ခရိုင်)မိုင်းတုံမြို့နယ်၊ဟွေအောမြို့နယ်ရုံး ကွင်းပြင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်များ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားအား နှစ်စဉ်ပုံမှန် ပြုလုပ်ခဲ့သော်လည်း ကိုဗစ် ၁၉ကပ်ရောဂါကာလများဖြစ်သည့် ၂၀၁၉ခုနှစ်မှ စတင်ကာ ခေတ္တရပ်နားထားပြီး ယခုနှစ်မှ ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၉ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်အတွင်း စိတ်ကြွဆေးပြား(၁၁၃၆၆၁၄၂)ပြား၊ရေခဲ (၉၀) ထုတ်၊ဘိန်းမဲ (၅၅)ကီလိုဂရမ်၊ကဖင်းမှုန့် (၁)ပုလင်း၊နှင်း (၁)ဂရမ်၊ကဖင်းမှုန့် (၉၀)ထုတ်၊လိမ္မော်အနံ့ဆေးရည် (၄၀)ပုလင်း၊မော်လိကျင်အရည် (၈၆)ပုလင်း၊ကော်မှုန့် (၅၆)ထုတ်၊ဖန်စီဒိုင်း (၆၀၃)ပုလင်း၊ပန်းရေညင်း မူးယစ်ဆေးဝါး ဆက်စပ် ပစ္စည်း (၅)ထုတ်၊မူးယစ်ဆေးဝါး ရောင်းရသည့်ငွေ ၅၀၀၀၁၄ဘတ်၊ တရုတ် ယွမ်ငွေ ၃၀၉.၁ယွမ်၊ကျပ်ငွေ ၃၇၀၆၀၀ကျပ်၊ဖုန်း (၅၉)လုံး၊နာရီ (၅)လုံးAK 47 -(၃)လက်၊ကျည်ဆံ (၁၈၉)ခု၊တူမီး (၂)လက်၊၄၀M ဗုံးပစ် လောင်ချာ (၁)လုံး၊ဗုံးသီး (၁၅)လုံး၊equipments(၂)ခု၊၁၃ MM ပစ္စတို (၂)လက်၊ကျည်ဆန် (၁၀)တောင့်၊၉MM -၂လက်၊ကျည်ဆန် (၅၄)တောင့်၊M 16-၂လက်၊ကျည်ဆန် (၁၈၁)တောင့်၊ကျည်ကတ် (၃)ခု၊AK 47 -၂လက်၊ကျည်ဆံ (၁၀၀)တောင့်၊ဓာတ်မီး (၄၂)တောင့်၊ကားငယ် (၁၂)စီး၊ဆိုင်ကယ် (၁၁)စီး၊ လမ်းလျှောက်စကားပြောစက် (၉)လုံး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၁၉)ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူ (၅၃)ဦး ရှိကာ သက်ဆိုင်ရာသို့ (၈)ကြိမ်တိုင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စများသည် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ကြောင်း၊ မျိုးရိုးစဉ်ဆက် ဒုက္ခပေးသည့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်ရန် သံန္နိဌာန်အခိုင်အမာချမှတ်ထားသည်ဟု စစ်ဒေသ(၁၇၁)ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်မှလည်း အခမ်းအနားအတွင်းပြောကြားခဲ့သည်။

ယင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ စစ်ဒေသ (၁၇၁)မှ ဒု-စစ်ဒေသမှူး ဦးကျလောဘိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဟွေအော၊နာကောင်းမူ ကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း အင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here