ကိုလံဘီယာတွင် နွားရိုင်းသတ်ကွင်းပွဲကြည့်စင်ပြိုကျသဖြင့် လူလေးဦးသေဆုံးကာ လူသုံးရာကျော် ဒဏ်ရာရရှိ

0
76

ကိုလံဘီယာတွင် နွားရိုင်းသတ်ကွင်းပွဲကြည့်စင်ပြိုကျသဖြင့် လူလေးဦးသေဆုံးကာ လူသုံးရာကျော် ဒဏ်ရာရရှိ

ဘိုဂိုတာ၊ ဇွန် ၂၇ ရက်
ကိုလံဘီယာနိုင်ငံ၌ ဇွန်လ ၂၆ ရက်နေ့က နွားရိုင်းသတ်ကွင်း ပွဲကြည့်စင်တခြမ်းနီးပါး ပြိုကျခဲ့မှုကြောင့် အနည်းဆုံး လူလေးဦးသေဆုံးကာ လူ ၃၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် အယ်လယ်စပီနယ်မြိုအလယ်ပိုင်းတွင်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦး စုစုပေါင်းလူလေးဦး သေဆုံးခဲ့ကြောင်း တိုလီမာ ဌာန အုပ်ချုပ်ရေးမှူး ဟိုဇေး ရီကာဒိုး အိုရိုဇ်ကိုက ဒေသဆိုင်ရာ ရေဒီယိုသို့ ပြောကြားခဲ့သည်။

ပွဲကြည့်ပရိသတ်များ အပြည့်ထိုင်နေသော သစ်သားပွဲကြည့်စင် သုံးဆင့်တစ်ခု ပြိုကျခဲ့သဖြင့် လူပေါင်းများစွာ ပြုတ်ကျသွားသည်ကို လူမှုမီဒီယာများ၌ ပျံ့နှံနေသည့် ဗီဒီယိုများတွင်​တွေ့ရသည်။

ဒေသတွင်းရှိ ဆေးရုံများ၌ ဒဏ်ရာရသူ ၃၂၂ ဦးကို ကုသေပေးနေပြီး ၎င်းတို့အနက်မှ လေးဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေရကြောင်း တိုလီမာ ကျန်းမာရေးအတွင်းရေးမှူး မာတာ ပါလာတီယို က ပြောကြားခဲ့သည်။

အပျက်အစီများကြားတွင်လူမည်မျှထိခိုက်သွားသည်ကို မသိရသေးသော်လည်း ပြိုကျချိန်၌ ပွဲကြည့်စင်​ပေါ်တွင် လူများပြည့်နှက်နေကြောင်း ဒေသခံအရပ်ဘက်ကာကွယ်ရေးအရာရှိ လူးဝစ် ဖာနန်ဒို ဗယ်လဲဇ်ကပြောကြားခဲ့သည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုလံဘီယာသမ္မတ အိုင်ဗန် ဒူကေးက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

ဌာနဆိုင်ရာအစိုးရက ယင်းနွားရိုင်းသတ်ပွဲများသည် အန္တရာယ်များပြီး တိရိစ္ဆာန်ညင်းပန်နှိပ်စက်မှုအား အားပေးအားမြှောက်ပြုသည်ဟု ဆိုကာ တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း မစ္စတာ အိုရိုဇ်ကို မှ ပြောကြားခဲ့သည်။
အချို့ကလည်း ကြက်တိုက်ခြင်းနှင့်နွားရိုင်းသတ်ခြင်းတို့ကို ဓ​လေ့ထုံးတမ်းအရ အကာကွယ်​ပေးလိုကြသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here