ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူ များကို ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးမှုလုပ်သင့်ကြောင်း ဒေါက်တာအေးမောင် ပြော

0
130

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူ များကို ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးမှုလုပ်သင့်ကြောင်း ဒေါက်တာအေးမောင် ပြော

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးသင့်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သင့်ကြောင်း ရခိုင့် ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

လက်ရှိ နိုင်ငံ‌ရေးအခြေအနေများနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းစဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဒေါ်အောင်ဆန်းစုကြည် ကိုပင်လျင် နိုင်ငံရေးအရ ပြန်ဆွေးနွေးရမယ်ဗျ။ ကျွန်တော်တို့ အားလုံးပြေ လည်ရာပြေလည်ကြောင်း လုပ်ရမယ်။ ဖမ်းဆီးခံနေရတဲ့ ဒေါက်တာ ခင်ရွှေတို့လို ဦးချစ်ခိုင်တို့လိုပေါဗျာ ။ စီးပွားရေး နိုင်ငံရေးနဲ့ ဆိုင်တဲ့လူတွေ အကုန်လုံးကို ထောင်ထဲကနေ ပြန်လွှတ်ဖို့ လိုတယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ၎င်းအနေဖြင့် နစက ခေါင်းဆောင်ထံ တရားဝင်အကြံပြုခြင်းမျိုး မလုပ်ဆောင်ရသေးသော်လည်း ငြိမ်းချမ်းရေး အကျိုး ဆောင် ဆာဆာကာဝါမှ တဆင့်သော်လည်းကောင်း ၊ မီဒီယာများမှ တဆင့်သော်လည်းကောင်း တင်ပြမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းကဆိုသည်။

“တရားဝင်တော့ မပြောရသေးဘူးဗျ။ သို့သော် ရိပ်ဖမ်းသံဖမ်းတော့ ကိုယ့်ကိုအင်တာဗျူးတဲ့ မီဒီယာတွေက တဆင့် ပြောတာရှိပါတယ်။ ရေးတာသားတာတွေလည်း လုပ်ပါတယ်” ဟု ပြောသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့် အငြင်းပွားမှုများဖြစ်ပေါ်ကာ တတိယအကြိမ် လွှတ်တော် စတင်ခေါ်ယူရမည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်တွင် နိုင်ငံတော် အာဏာကို တပ်မတော်က ရယူကာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အတိုက်အခံ နိုင်ငံရေးသမားများကို ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အချိန်မှစတင်၍ တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် ကဏ္ဍအသီးသီးတို့တွင် အခက်အခဲအကြပ်အတည်းများ ကြုံတွေ့နေရပြီး နိုင်ငံတကာ၏ ဖိအားပေးမှုများကိုပါ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထို့အပြင် ပြည်တွင်း အတိုက်အခံ အင်အားစုများ၊ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဖိ အားပေးမှုများကလည်း နစက ကို ပို၍ အကျပ်တွေ့စေပြီး လက်ရှိအချိန်တွင် သဘောထားကြီးကြီးထား ၍ မဖြေရှင်းနိုင်ပါက တိုင်းပြည်ပြိုကွဲသွားနိုင်သည့် အခြေအနေပင်ရှိကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

“မြန်မာနိုင်ငံဟာ ဒီအတိုင်းသွားလို့ မရတော့ဘူး။ အလွန်ကျပ်တည်းတဲ့ အကျပ်အတည်းကြားထဲကိုရောက်နေပြီ။ အခန့်မသင့်ရင် တိုင်းပြည်ပြိုကွဲသွားနိုင်တယ်။ ပြည်ထောင်စုကို တည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ မျက်နှာကို မထောက်ဘဲနဲ့ အချင်းချင်း ပဋိပက္ခကြားထဲမှာ နေသွားကြရလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် လက်ရှိအခြေအနေကို အမှန်ကန်ဆုံးဖြစ်အောင် သုံးသပ်ပြီး ငြိမ်းငြိမ်း ချမ်းချမ်းနှင့် ကျော်လွှားသွားနိုင်ရေး ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားသွားသည်။

Photo Credit – alamy


LEAVE A REPLY

Please enter your comment!
Please enter your name here