တံတားဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်ကာ ကျေးရွာအချို့အတွင်းရေဝင်ရောက်၍ လူဦးရေ ၈၀၀ ခန့်အား ရေလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

0
190

တံတားဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်ကာ ကျေးရွာအချို့အတွင်းရေဝင်ရောက်၍ လူဦးရေ ၈၀၀ ခန့်အား ရေလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မန္တလေးတိုင်း၊တံတားဦးမြို့နယ်ရှိ မြစ်ကမ်းပါးနှင့်နီးသည့် ကျေးရွာများအတွင်း ဇွန် ၂၅ ရက်ခန့်မှစတင်၍ ဧရာဝတီမြစ်ရေနှင့်ဒုဌဝတီမြစ်ရေမြင့်တက်ကာ ရေဝင်ရောက်နေ၍ လူဦးရေ ၇၆၂ ဦးအားရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

တံတားဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းပါးနှင့်နီးသည့် ကျေးရွာများမှ လူဦးရေ ၇၆၂ ဦးနှင့်တိရိစ္ဆာန်ပေါင်း ၆၆၅ ကောင်အား ရေလွတ်ရာနေရာများသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

မြစ်ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာများမှာ ပေါက်မြိုင်ကျေးရွာ၊ပေါက်တောကျေးရွာ၊လက် ဆောင်ယူကျေးရွာ၊ဥယျာဉ်ကျေးရွာ၊ငါးရာပြားကျေးရွာ၊မီးသွေးတိုက်ကျေးရွာ၊လက်ပန်ဇင်ကျေး ရွာ၊ရွာမကျေးရွာ၊ဥပ္ပလင်ကျေးရွာ၊တောင်ကုန်းကျေးရွာနှင့်ကူစုကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

“မြစ်ရေမြင့်တက်တာက ၂၅ ရက်လောက်ထဲကပဲ အဲ့အချိန်တုန်းကတော့ ရေကရွာတွေထဲကိုသိပ်မဝင်သေးဘူး အခုရက်ပိုင်းအတွင်းမှာပဲ ရွာတွေထဲကိုရေဝင်လာလို့ ရွှေ့ပေးနေရတာပါ လက်ရှိရွှေ့ ပြောင်းပေးနေရတာက ကုန်းမြင့်တွေမှာ ယာယီတဲထိုးပြီးရွှေ့ပေးထားတယ် နောက်ပြီး ဘုန်းကြီး ကျောင်းတွေကိုလည်း လူခွဲပြီးပို့ပေးထားရတာပေါ့ တစ်ချို့ကတော့ ဆွေမျိုးတွေ မိတ်ဆွေတွေအိမ်ကိုသွားနေကြတယ်”ဟု ကူညီရွှေ့ပြောင်းပေးနေသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

 

လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေ၏ ရေမှတ်သည် ၁၂၀၈ စင်တီမီတာသို့ရောက်ရှိနေကာ စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၂၆၀ စင်တီမီတာသို့ရောက်ရှိရန် အနည်းငယ်သာလိုသည်ဟု သိရသည်။

အလားတူ ဒုဌဝတီမြစ်ရေများလည်း ၈၂၃ စင်တီမီတာသို့ ရောက်ရှိနေသဖြင့် စိုးရိမ်ရေမှတ်ဖြစ်သည့် ၈၇၀ စင်တီမီတာသို့ ရောက်ရှိရန်အနည်းငယ်သာလိုတော့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here