အီတလီနိုင်ငံ မြောက်ပိုင်းဒေသများ၌ မိုးခေါင်ရေရှားမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ

0
269

အီတလီနိုင်ငံ မြောက်ပိုင်းဒေသများ၌ မိုးခေါင်ရေရှားမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ

ရောမ၊ ဇူလိုင် ၄ ရက်

အီတလီနိုင်ငံရှိ ပိုမြစ်သည် နှစ် ၇၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ်ကို ခံစားနေရသဖြင့် ၎င်းမြစ် အနီးနားဝန်းကျင်ဒေသများကို ဇူလိုင်လ ၄ ရက် တနင်္လာနေ့မှစ၍ အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပိုမြစ်သည် နိုင်ငံတွင်း လယ်ယာထုတ်လုပ်ရေးလုပ်ငန်း သုံးပုံတစ်ပုံ၏ အားထားရာ မြစ်လည်းဖြစ်သည်။

အစိုးရအမိန့်အရ အာဏာပိုင်များသည် လိုအပ်ပါသည်ဟု ယူဆပါက အိမ်နှင့် စီးပွားရေးလုပ်ငန်းများအတွက် ရေခွဲတမ်းချပေးခြင်းကဲ့သို့သော စနစ်များကို စတင်ကျင့်သုံးမည် ဖြစ်သည်။

ပိုမြစ်သည် အီတလီနိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်၍ ၆၅၀ ကီလိုမီတာ (မိုင် ၄၀၀ ကျော်) ရှည်လျားကာ အီတလီမြောက်ပိုင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသည်။

ယခုအခါ ၎င်းမြစ်၏ ရေလမ်းကြောင်း အများအပြား ခန်းခြောက်သွားပြီး ရေစီးဆင်းမှု အားနည်းလာသဖြင့် ပင်လယ်ရေများ ကုန်းတွင်းပိုင်းသို့ စိမ့်ဝင်လာကာ ကောက်ပဲသီးနှံများကို ပျက်စီးစေလျက်ရှိသည်ဟု လယ်သမားများကဆိုသည်။

အဆိုပါ အရေးပေါ်ဆောင်ရွက်ချက်များသည် ပိုမြစ်နှင့် အဲလ်ပ်တောင်တန်း အရှေ့ဘက် ရေခမ်းခြောက်သည့် နေရာများနှင့် ထိစပ်နေသော နယ်မြေများအထိ အကျုံးဝင်မည်ဖြစ်ကြောင် အစိုးရက ထုတ်ပြန်ထားသည်။

မြောက်ပိုင်းဒေသငါးခုဖြစ်သည့် အီမီလီယာ ရိုမန်ညာ၊ ဖရီယူလီ ဗင်နီဇီးယား ဂျူလီယာ၊လမ်ဘာဒီ့ ၊ပိဒ်ဒမောင့် နှင့် ဗင်နီတို တို့၌ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး ရေပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ကနဦးရန်ပုံငွေ ယူရို ၃၆ ဒသမ ၅ သန်း (ဒေါ်လာ ၃၈ သန်း) လျာထားကြောင်း သိရသည်။

အရေးပေါ်အခြေအနေများကို ယခုလက်ရှိ သာမန်ထက် တမူထူးသော နည်းလမ်းများ၊ စွမ်းအားများဖြင့် စီမံခန့်ခွဲရန် ရည်ရွယ်ထားပြီး ရေပြတ်လပ်ဒဏ် ခံစားနေရသူများကိုလည်း ကယ်ဆယ်ရေးနှင့် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here