တပ်မတော်အနေဖြင့် ခံယူချက်ကောင်းများဖြင့် လုပ်သင့် လုပ်ထိုက်သည်ကို လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
213

တပ်မတော်အနေဖြင့် ခံယူချက်ကောင်းများဖြင့် လုပ်သင့် လုပ်ထိုက်သည်ကို လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

လက်ရှိအချိန်တွင် နိုင်ငံတော်ကို ထိန်းသိမ်းနိုင်သည်မှာ တပ်မတော်သာရှိပြီး အနစ်နာခံ ဆောင်ရွက်နေရခြင်းဖြစ်ကာ လုပ်သင့် လုပ်ထိုက်သည်ကို လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဇူလိုင်လ (၄) နံနက်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိဖြစ်နေတဲ့ အခြေအနေမှာ နိုင်ငံကို ထိန်းသိမ်းနိုင်တာ တပ်မတော်သာလျင်ဖြစ်ပြီး တပ်မတော်အနေနဲ့ အချို့အရာတွေမှာ အနစ်နာခံ ဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ မိမိတို့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်များဟာ ခံယူချက်ကောင်းများဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများ အောင်မြင်ရေးအတွက် တပ်မတော်သားအားလုံးတွင် တာဝန်ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများရှိမှသာ အဆိုပါနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြော သည်။

ထို့အပြင် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး ၎င်းတို့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်းလည်း ထည့် သွင်း ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု လို အပ်ချက်အရကြောင့်သာ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရခြင်းဖြစ်သည်ကို နိုင်ငံသူနိုင်ငံသားများအနေဖြင့် မှန်မှန်ကန်ကန် သိရှိနားလည်ရန်လိုအပ်‌ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

တွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ် မတော်အရာရှိကြီးများ၊ အနောက်တောင် တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တာဝန်ရှိသူများ၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here