ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ပြိုကျပျက်စီးသွားသည့် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး၏ ကြွင်းကျန်ရစ်သည့် အပိုင်းအစများအားရှင်းလင်းနေ

0
432

ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ပြိုကျပျက်စီးသွားသည့် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး၏ ကြွင်းကျန်ရစ်သည့် အပိုင်းအစများအားရှင်းလင်းနေ

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊နှုံးပို့ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးသည် ဇူလိုင် ၇ ရက်နေ့လည် ၁ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်အတွငိးသို့ပြိုကျပျက်စီးခဲ့ကြောင်း ပခုက္ကူမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

“စေတီတော်ကြီးက မြစ်ကမ်းဘေးမှာတည်ထားတာ ရှေးဟောင်းစေတီတော်ပါ ဒီရက်အတွင်းမှာ မြစ်ရေတိုးလာတဲ့အတွက် မြစ်ကမ်းပါးကိုတိုက် စားပြီးပြိုကျသွားတာ ရွာသူ၊ရွာသားတွေကတော့ အတော်ကြီးကိုစိတ်မကောင်းကြဘူးပေါ့”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဧရာဝတီမြစ်ရေသည် ဇွန်လ တတိယပတ်မှစ တင်၍ မြင့်တက်လျက်ရှိခဲ့ခြင်းဖြစ်ပြီး နှုံးပို့ကျေး ရွာဘုန်းတော်ကြီးကျောင်းမှာ မြစ်ကမ်းဘေး၌ တည်ရှိသဖြင့် ဘုန်းတော်ကြီးကျောင်းအား ဘေးလွတ်ရာသို့ ဦးစွာရွှေ့ပြောင်းပေးခဲ့ပြီးနောက် စေ တီတော်ကြီးမှာ မြစ်ရေတိုက်စားမှုကြောင့် မြစ်အ တွင်းသို့ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းကို ဘေးလွတ်တဲ့ဆီအရင်ရွှေ့လိုက်ပြီး စေတီတော်ကြီးကို မြစ်ရေတိုက်စားတဲ့အထဲ မပါအောင်လုပ်ဖို့ကြိုးစားနေတုန်း အခုလိုဖြစ်သွားတာပါ လက်တလောကတော့ ကျန်ခဲ့တဲ့အပိုင်းအစတွေကိုရှင်းထားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်း ပါးအနီးရှိ နေအိမ်များကိုလည်း ဘေးလွတ်ရာဖြစ်သည့် ကျေးရွာတောင်ဘက်သို့ အရေးပေါ်ရွှေ့ ပြောင်းပေးရလျက်ရှိကြောင်း သိရသည်။

“မြစ်ရေကအတော်တက်လာတာ ဒီအတိုင်းဆက်တက်နေအုံးမယ်ဆိုရင်တော့ မြစ်ကမ်းနဲ့နည်းနည်းလှမ်းတဲ့ အိမ်တွေကိုတောင်ကြိုပြီး ဘေးလွတ်တဲ့ဆီရွှေ့ပြောင်းပေးရဖို့စီစဥ်ရမှာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here