Huawei နှင့် ZTE ကို အမေရိကန် ဆက်သွယ်ရေးကွန်ရက်များမှ ဖယ်ရှားရန် ဒေါ်လာ ၃ ဘီလီယံ ထပ်မံလိုအပ်

0
223

Huawei နှင့် ZTE ကို အမေရိကန် ဆက်သွယ်ရေးကွန်ရက်များမှ ဖယ်ရှားရန် ဒေါ်လာ ၃ ဘီလီယံ ထပ်မံလိုအပ်

ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက်

အမေရိကန် ပြည်ထောင်စု ဆက်သွယ်ရေးကော်မရှင် (FCC) သည် ၎င်းတို့အသုံးပြုနေသော တရုတ်တယ်လီကွန်းကုမ္ပဏီကြီး Huawei နှင့် ZTE တို့မှ ထုတ်လုပ်သည့် ဆက်သွယ်ရေးကွန်ရက်သုံး ပစ္စည်းကိရိယာများကို ဖယ်ရှားပေးရန်အတွက် နောက်ထပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထပ်မံလိုအပ်နေကြောင်း သိရသည်။

ကွန်ဂရက်လွှတ်တော်သည် FCC အား အဆိုပါ ဖယ်ရှားရေးလုပ်ငန်းစဉ်၏ ကုန်ကျစရိတ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံသာ သုံးစွဲရန် ဘတ်ဂျက်ခွဲဝေပေးထားသည်။

ကုန်ကျစရိတ်အားလုံးအတွက် လျော်ကြေးငွေမှာ ၄ ဒသမ ၉၈ ဘီလီယံ ဖြစ်ပြီး ခွင့်ပြုငွေထက် ၃ ဒသမ ၀၈ ဘီလီယံ ကျော်လွန်နေကြောင်း ကုန်သွယ်ရေး၊ သိပ္ပံနှင့် သယ်ယူပို့ဆောင်ရေး ကော်မတီကို ဦးစီးသည့် အထက်လွှတ်တော်အမတ် မာရီယာ ကန့်ဝဲလ် ထံသို့ FCC ဥက္ကဋ္ဌက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ခွင့်ပြုထားသည့် ငွေကြေးပမာဏအတိုင်း ပေးဆောင်ပါက အမေရိကန်ရှိ တရုတ်ဆက်သွယ်ရေးပစ္စည်းသုံး ကုမ္ပဏီများသည် ဖယ်ရှားမှုအတွက် ကုန်ကျစရိတ်၏ ၄၀ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်ရရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကွန်ဂရတ်လွှတ်တော်သည် ဗဟိုအစိုးရထံမှ ထောက်ပံ့ကြေးငွေ ရရှိထားသည့် အမေရိကန် တယ်လီကွန်း ကုမ္ပဏီများအား နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သည့် ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်များကို ဖယ်ရှားရန် ဥပဒေပြဌာန်းခဲ့ပြီး FCC အား ဦးဆောင်ရန် တာဝန်ပေးခဲ့သည်။ ယင်းဖယ်ရှားမှုများအတွက် ကုန်ကျစရိတ်များပါ ပေးဆောင်သွားမည်ဟု ကွန်ဂရက်လွှတ်တော်က ကတိပေးခဲ့သည်။

သို့ရာတွင် ကွန်ကရက်လွှတ်တော်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံဘတ်ဂျက်သာ ခွင့်ပြုထားသည့်အတွက် အထက်ပါ ဖယ်ရှားခြင်းအစီအစဉ်အား မည်ကဲ့သို့ ထိထိရောက်ရောက် အကောင်အထည်ဖော်မည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ကုမ္ပဏီများသည် ကုန်ကျစရိတ်အတွက် ပြန်ပေးငွေ မရရှိမချင်း ၎င်းတို့၏ ဆက်သွယ်ရေးကိရိယာများကို ဖယ်ရှားရန် မလိုအပ်ပေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here