မန်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ထောင်ဒဏ် (၃) နှစ်ထပ်မံချမှတ်ခံရ ၊ စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရ

0
158

မန်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ထောင်ဒဏ် (၃) နှစ်ထပ်မံချမှတ်ခံရ ၊ စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရ

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား အိုးဘိုထောင်တွင်း အထူးသီးသန့် တရားရုံးကထောင်ဒဏ် (၃) နှစ် ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

ဒေါက်တာ ဇော်မြင့်မောင်အား အောင်မြေသာစံမြို့နယ်အ တွင်း မဲမသမာမှု ပြုလုပ်သည်ဟုဆိုကာ စွဲဆိုထားသော ပုဒ်မ ၁၃၀(က) အမှုအတွက် ယမန်နေ့ ဇူလိုင် ၂၀ ရက်က မန္တလေး အကျဉ်းထောင်အတွင်း အထူးတရားရုံးက ထောင်ဒဏ် (၃) နှစ်ချမှတ် လိုက်ကြောင်း တရားရုံးနှင့် နီး စပ်သူ အချို့ ပြောကြားသည်။

အဆိုပါ အမှုအတွက် ထပ်မံချမှတ်သည့် ထောင်ဒဏ် (၃) အပါအဝင်ဆိုပါက ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့် အမှု (၉)မှုအတွက် ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော်အကြည်ညို ပျက်ဆီးစေမှု ပုဒ်မ ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၊ ရွေးကောက်ပွဲ မဲမသမာမှုပြုလုပ် သည်ဆိုသော ပုဒ်မများအပါအဝင် အဂတိလိုက်စားမှု ပုဒ်မ တို့ ဖြင့် အသီးသီး တရားစွဲဆိုခံရခြင်းဖြစ်ပြီး ၊ ယခု ချမှတ်လိုက်သည့် ပုဒ်မ ၁၃၀(က) အမှုသည် စွဲဆိုထားသော အမှုများအနက် နောက်ဆုံး ပြစ်ဒဏ် ချမှတ်သည့် အမှုလည်းဖြစ်သည် ဟုဆိုသည်။

“ ပုဒ်မ ၁၃၀ (က) အမှု အတွက် ထောင်သုံးနှစ်ချလိုက်တာ ဟုတ်ပါတယ်။ သူ့ကျန်းမာရေးကောင်းပါတယ်။ သူ(ဒေါက်တာဇော်မြင့်မောင်)ကို စွဲထားတဲ့ အမှု တွေထဲမှာ ဒါက နောက်ဆုံး အမိန့် ချတဲ့ အမှု ပါ။ အမှု လက်ကျန်တွေ မရှိတော့ပါဘူး။” ဟုဆိုသည်။

လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသော အမှု ကိုး မှုအတွက် ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရှိကာ၊ အဂတိမှုနှင့် သက်ဆိုင်သည့် အမှု ငါးမှု အတွက် အယူခံ ဆက်တက် ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here