ငပုတောမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး ခံဝန်ထိုးကာ မိသားစုနှင့် ပြန်နေ

0
232

ငပုတောမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး ခံဝန်ထိုးကာ မိသားစုနှင့် ပြန်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ NLD ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးသည် သက်ဆိုင်ရာတွင် ခံဝန်ထိုးကာ မိသားစုနှင့်အတူ ပြန်လည်နေထိုင်နေကြောင်း နီးစပ်သူများထံမှ သိရသည်။

ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးသည် ဇူလိုင်လ (၂၁) ရက်တွင် ကျုံပျော်မြို့နယ်မှ လူငယ် (၄) ဦးနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း နစကကလည်း ထုတ်ပြန်ကြေညာထားသည်။

” ဖြစ်တာက ဒီလိုပါ။ ညှိနှိုင်းတဲ့သဘောပေါ့။ သူ့ ကလေးလေးက (၁၀) လသားပဲရှိ​သေးတယ်။ ပြီးတော့ သူ့ကိုပြန်လာဖို့ သဘောမျိုးပြောလို့ ၊ ခံဝန်ထိုးပြီး မိသားစုနဲ့ ပြန်နေတဲ့သဘောပါ ” ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပေါ်ပြူလာသို့ပြောသည်။

၎င်းနှင့်အတူ ခံဝန်ထိုးသည့် ကျုံပျော်ဒေသခံ လူငယ် (၄) ဦးမှာလည်း ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် လူငယ်များဖြစ်ကြောင်းသိရသည်။

နစက လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှ အဆိုပါ (၅) ဦးစလုံးမှာ (PDF) တပ်ဖွဲ့ဝင်များ ဖြစ်ပြီး ဇူလိုင်လ (၂၁) ရက်က ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီထံ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းဖော်ပြ ထားသည်။

အဆိုပါ (၅) ဦးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး အပါအဝင် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ လလယ်ပိုင်းကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌလည်းဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်နီနီအောင်အား တရားစွဲဆိုထားသည့်အမှုမှာ ခိုင်လုံသည့် သက်သေမရှိဟုဆိုကာ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here