ကန်တပ်ကီရေကြီးမှု၁၆ ဦးထက်မနည်းသေဆုံး

0
209

ကန်တပ်ကီရေကြီးမှု၁၆ ဦးထက်မနည်းသေဆုံး

 

ကန်တပ်ကီအရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး အိမ်များ၊လမ်းများ‌ေရမြုပ်ကာ ယခုချိန်ထိ သေဆုံးသူ ၁၆ဦးထက်မနည်းရှိနေပြီဖြစ်သည်။‌သေဆုံးသူများထဲတွင် ကလေးငယ် ၆ ဦးပါဝင်ကာ ထပ်မံ၍လည်းသေဆုံးနှုန်းမြင့်လာနိုင်သည်ဟု အစိုးရကသတိပေးထားသည်။

ကန်တပ်ကီ၏ အပလာချန်ကျောက်မီးသွေးတူးဖော်ရေးဒေသရှိ လူဒါဇင်ပေါင်းများစွာကို ကယ်ဆယ်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ရဟတ်ယာဉ်များနှင့် လှေများကိုအသုံးပြုခဲ့ကြသည်။ဒေသခံမီဒီယာများ၏ ဗီဒီယိုဖိုင်များတွင် အိမ်ခေါင်မိုးများအထိရေများဝင်ရောက်ကာ လမ်းများသည် မြစ်များအလားထင်မှတ်ခဲ့ရသည်။

“ဒီလောက်နဲ့မပြီးသေးပါဘူး ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေတုန်းမှာ တကယ့်အန္တရာယ်တွေ ရှိနေသေးတယ်” ဟု အုပ်ချုပ်ရေးမှူး Andy Beshear ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီအကြီးအကဲ Deanne Criswell နှင့် အတူ အပြင်းထန်ဆုံးထိခိုက်ခဲ့သောဒေသများအား ရဟတ်ယာဉ်ဖြင့်ပျံသန်းကြည့်ရှာရာတွင် ရေလွှမ်းမိုးမှု အတိုင်းအတာကိုမြင်ကာ အံ့အားသင့်မိကြောင်း Beshear ကပြောကြားခဲ့သည်။

ပြည်နယ်မြို့တော် ဖရန့်ဖို့ဒ်၏ အရှေ့တောင်ဘက် မိုင် ၁၀၀ (၁၆၀ ကီလိုမီတာ) အကွာတွင် လူပေါင်း ၂,၂၀၀ နေထိုင်သည့် Jackson မြို့နေရာအများစုသည်လည်း ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ယခုရေကြီးမှုသည် ဒီဇင်ဘာလက ပြည်နယ်အနောက်ပိုင်းတွင် လူ ၈၀ နီးပါး သေဆုံးခဲ့ရသည့် လေဆင်နှာမောင်းတိုက်ခတ်မှုအပြီး ခုနစ်လအတွင်း ကန်တပ်ကီကို ထိခိုက်စေသည့် ဒုတိယအကြီးဆုံး သဘာဝဘေးအန္တရာယ်ဖြစ်လာခဲ့သည်။

သောကြာနေ့အထိ သေဆုံးသူ အရေအတွက်မှာ ကလေးခြောက်ဦး အပါအဝင် ၁၆ ဦးအထိ မြင့်တက်လာကာ ကယ်ဆယ်ရေးသမားများက ရှာဖွေမှုများပြုလုပ်နေပြီး ရုပ်အလောင်းများကို ရေကျချိန်တွင် ထပ်မံတွေ့ရှိနိုင်သဖြင့်  သေဆုံးသူအရေအတွက် သေချာပေါက်တိုးလာဦးမည်ဟု Beshear ကပြောကြားခဲ့သည်။

 

ယခုအချိန်ထိပျောက်ဆုံးနေသူများလည်းရှိကာ အရေအတွက်မည်မျှရှိသည်ကို အတိအကျမပြောနိုင်ကြောင်းနှင့် သိရှိချိန်တွင် ထုတ်ပြန်ပေးမည်ဟု ၎င်းကဆိုသည်။

အဆိုပါရေကြီးမှုသည် ၂၄ နာရီအတွင်း မိုးရွာသွန်းမှု ၅ လက်မမှ ၁၀ လက်မ (၁၃ မှ ၂၅ စင်တီမီတာ) အထိရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းယခင်မှတ်တမ်းများတွင် မကြုံဖူး‌သောပမာဏဖြစ်သည်ဟုသဘာဝပတ်ဝန်းကျင်သိပ္ပံပါမောက္ခ နှင့် Kentucky Geological Survey ၏ညွှန်ကြားရေးမှုး မစ္စတာ William Haneberg ကပြောကြားခဲ့သည်။  

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here