စပိန်အစိုးရရှေ့နေက ရှက်ကီရာအား ထောင်ဒဏ် ရှစ်နှစ် ချမှတ်ရန် တောင်းဆိုထား

0
291

စပိန်အစိုးရရှေ့နေက ရှက်ကီရာအား ထောင်ဒဏ် ရှစ်နှစ် ချမှတ်ရန် တောင်းဆိုထား

စပိန်အစိုးရရှေ့နေတစ်ဦးသည် ကိုလံဘီယာစူပါစတား ရှက်ကီရာအား ယူရို ၁၄ ဒသမ ၅ သန်း အခွန်လိမ်လည်မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ‌ေရးကိုကြိုးပမ်းနေကြောင်း အစိုးရရှေ့နေရုံးမှ သိရသည်။

ရှက်ကီရာသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း စပိန်တွင် နေထိုင်စဉ် အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုခံထားရခြင်းဖြစ်သည်။ သို့ရာတွင် ရှက်ကီရာက အဆိုပါ ကာလများအတွင်း စပိန်တွင် နေထိုင်ခဲ့ခြင်း မရှိကြောင်း ပြန်လည်ပြောဆိုထားသည်။

တရားစွဲဆိုထားသည့် အစိုးရရှေ့နေ၏ မှတ်တမ်းတွင် ရှက်ကီရာသည် ၂၀၁၂ ခုနှစ် မေလ၌ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် အိမ်တစ်လုံးဝယ်ယူခဲ့ပြီး ၎င်း၏ မိသားစုနှင့်အတူ သာမန်အရပ်သားအဖြစ် ၂၀၁၄ ခုနှစ်အထိ နေထိုင်ခဲ့သည်ဟု အခိုင်အမာဖော်ပြထားသည်။

အစိုးရရှေ့နေက အဆိုပါ အမှု၌ ရှက်ကီရာသည်အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ်ရှစ်နှစ် ချမှတ်ပေးရန်နှင့် ဒဏ်ငွေအဖြစ် ယူရို ၂၃ သန်း ထက်မနည်း (ဒေါ်လာ ၂၃ ဒသမ ၅ သန်း) ပေးဆောင်ရန် တောင်းဆိုထားသည်။ အမှုစစ်ဆေးမည့်ရက်ကိုမူ မသတ်မှတ်ရသေးချေ။

အဆိုပါ အမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုရာတွင် ရှက်ကီရာ၏ ကိုယ်စားလှယ်များက ရှက်ကီရာသည်လံုးဝအပြစ်မရှိဟု ယုံကြည်ထားကြောင်း၊ အဆိုပါ ကိစ္စသည် သူမ၏ အခွင့်အရေးကို လုံးဝချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ယူဆကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

လက်တင်ပေါ့ပ်ဘုရင်မဟု လူသိများသည့် အသက် ၄၅ နှစ်အရွယ် ရှက်ကီရာသည် စပိန်အခွန်ရုံးမှ အကြွေးယူရို ၁၇ ဒသမ ၂ သန်းကို ကနဦးပေးချေခဲ့ပြီး ဖြစ်သဖြင့် အခွန်အာဏာပိုင်များထံ အကြွေးကျန်မရှိတော့ကြောင်း ဆိုထားသည်။

ရှက်ကီရာသည် အဆိုပါ အမှုအား ပိတ်သိမ်းပေးမည့် အစိုးရရှေ့နေရုံးထံမှ သဘောတူ ကမ်းလှမ်းချက်တစ်ခုကို ယခုအပတ်အစောပိုင်းတွင် ငြင်းပယ်ခဲ့ကြောင်း သိရသည်။ 

၎င်းကမ်းလှမ်းမှုတွင် ပါဝင်ခဲ့သည့် သတ်မှတ်ချက်များကိုမူ ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here