ဗြိတိန်တွင် ရထားမောင်းနှင်သူများသပိတ်မှောက်မှုကြောင့် ရထားခရီးစဥ်များ ဖျက်သိမ်းခဲ့ရ

0
262

ဗြိတိန်တွင် ရထားမောင်းနှင်သူများသပိတ်မှောက်မှုကြောင့် ရထားခရီးစဥ်များ ဖျက်သိမ်းခဲ့ရ

လန်ဒန်၊ ဇူလိုင် ၃၀ ရက်

ဗြိတိန်နိုင်ငံ၌ နှစ်ပေါင်း ၄၀ အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိပြီးနောက် လုပ်ခလစာတိုးမြင့်ပေးရန်အတွက် နိုင်ငံ့မီးရထားကွန်ရက်၏ လေးပုံတစ်ပုံနီးပါးရှိသော ရထားမောင်းနှင်သူ ငါးထောင် ခန့်သည် ဇူလိုင်လ ၃၀ ရက် စနေနေ့တွင် အလုပ်မဆင်းဘဲ ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။

အဆိုပါ ၂၄ နာရီကြာ ဆန္ဒပြသပိတ်အား ရထားမောင်းနှင်သူများသမဂ္ဂ ASLEF က ဦးဆောင်ခြင်းဖြစ်ကာ ယခုအပတ်အတွင်း ဗြိတိန်ရထားကွန်ရက်အတွက် ဒုတိယကြိမ်မြောက် ပြုလုပ်သော အရေးပါသည့် သပိတ်မှောက်မှုဖြစ်သည်။

RMT နှင့် TSSA သမဂ္ဂများမှ ရထားဝန်ထမ်း လေးသောင်းသည်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဆန္ဒပြမှုကြီးတစ်ခု ပြုလုပ်ခဲ့သည်။

ငွေကြေးဖောင်းပွမှုများ မြင့်တက်လာကာ စားသုံးသူ၏ ကုန်ဈေးနှုန်းဖောင်းပွမှုသည် လက်ရှိတွင် ယခင်ထက် ၉ ဒသမ ၄ ရာခိုင်နှုန်းထိ မြှင့်တက်နေသဖြင့် စာတိုက်ဝန်ဆောင်မှုများ၊ ကျန်းမာရေး ဌာန၊ ကျောင်းများ၊ လေဆိပ်များနှင့် တရားစီရင်ရေး အပါအဝင် ကဏ္ဍများစွာတွင် လုပ်ခလစာ တိုးမြင့်ရေးနှင့် ပတ်သက်၍ အလုပ်သမားနှင့် အလုပ်ရှင်ကြား တင်းမာမှုများ ပိုမိုဆိုးရွားလာစေသည်။

အဆိုပါ သပိတ်ကြောင့် စနေနေ့ တစ်နေ့လုံးနှင့် တနင်္ဂနွေနေ့ နံနက်အထိ သွားလာရေးတွင် သိသိသာသာ  အကျိုးသက်ရောက်စေလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဗြိတိန်ရထားလမ်းဆိုင်ရာ အခြေခံအဆောက်အဦများကို ဦးစီးသည့် Network Rail ကပြောကြားခဲ့သည်။

၎င်းသပိတ်ကြောင့် စနေနေ့တွင် နိုင်ငံ၏ ရထားအော်ပရေတာ ၃၄ ခုအနက် ခုနှစ်ခုတွင် ဝန်ဆောင်မှုအားလုံးနီးပါး ဖျက်သိမ်းခဲ့ရသည်။

ရထားလမ်းအော်ပရေတာ First Rail ၏မန်နေးဂျင်းဒါရိုက်တာ နှင့် စက်မှုလုပ်ငန်းခွင် ရထားပို့ဆောင်ရေးအုပ်စု၏ ဥက္ကဌစတိဗ် မွန်ဂိုမာရီက ရထားမောင်းနှင်သူများသည် ငွေကုန်သက်သာစေမည့် အလုပ်ဆိုင်ရာ အလေ့အကျင့်များကို ပြောင်းလဲရန် သဘောတူမှသာ အော်ပရေတာများက လစာတိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ASLEF သည် ဩဂုတ်လ ၁၃ ရက်နေ့တွင် နောက်ထပ် တစ်ရက်ကြာသပိတ်ကို ပြန်လည်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here