ခိုးယူခံခဲ့ရသည့် ရှေးဟောင်းအနုပညာလက်ရာ ၃၀ ခုကို ကမ္ဘောဒီးယားသို့ အမေရိကပြန်လည်ပေးအပ်

0
281

ခိုးယူခံခဲ့ရသည့် ရှေးဟောင်းအနုပညာလက်ရာ ၃၀ ခုကို ကမ္ဘောဒီးယားသို့ အမေရိကပြန်လည်ပေးအပ်

နူးယောခ့်၊ ဩဂုတ် ၈ ရက်

အမေရိကန်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံမှ ခိုးယူခံခဲ့ရသော အနုပညာလက်ရာနှင့် ရှေးဟောင်းပစ္စည်းအခု ၃၀ ကို ဩဂုတ်လ ၈ ရက်နေ့ တနင်္လာနေ့တွင် ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်။

မန်ဟက်တန် ဗဟိုအစိုးရရှေ့နေ ဒါမီယမ် ဝီလျံ သည် ခိုးယူခံထားရသော အဆိုပါ ရှေးဟောင်းပစ္စည်းများကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ ကမ္ဘောဒီးယားသံအမတ် Keo Chhea ထံ သတင်းစာရှင်းလင်းပွဲဖြင့်တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။

“ကမ္ဘောဒီးယားပြည်သူတွေဆီကို သူတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပြန်လည်ရောက်ရှိသွားတာကို ဂုဏ်ပြုပြီး၊ အနုပညာနဲ့ ရှေးဟောင်းပစ္စည်းတွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားတာတွေကို လျှော့ချမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါတယ်” ဟု ဝီလျံက ပြောကြားခဲ့သည်။

အဆိုပါ ရှေးဟောင်းပစ္စည်း အခု ၃၀ တွင် ၁၀ ရာစုက ထုလုပ်ခဲ့သည့် ဒေါင်းပေါ်၌ ထိုင်နေသော ဟိန္ဒူနတ်ဘုရား စကန်ဒါ၏ ပန်းပုရုပ်ထုနှင့် ဟိန္ဒူဘုရား ဂနီးရှား၏ ပန်းပုရုပ်တုတို့ပါဝင်သည်။

၎င်းရုပ်တုနှစ်ခုစလုံးသည် အန်ကောဝပ်ဘုရားကျောင်းများမှ ကီလိုမီတာ ၈၀ အကွာရှိ ရှေးဟောင်းခမာမြို့တော်ဖြစ်သည့် Koh Ker မှ ခိုးယူခံခဲ့ရခြင်းဖြစ်သည်ဟု ဝီလျံ၏ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြေးခေတ်မှ ၁၂ ရာစု အထိပြုလုပ်ခဲ့သော ရှေးဟောင်းပစ္စည်းများနှင့်အတူ အခြားထောင်ပေါင်းများစွာသော ရှေးဟောင်းအနုပညာလက်ရာများသည် ကမ္ဘောဒီးယား၌ စစ်မက်ဖြစ်ပွားချိန် ၁၉၇၀ ပြည့်နှစ်များနှင့် နိုင်ငံပြန်လည်ဖွင့်လှစ်ချိန် ၁၉၉၀ ပြည့်နှစ်များတွင် ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံမှ ထောင်နှင့်ချီသော ခမာရုပ်ထုများနှင့် ပန်းပုများကို စုဆောင်းသူများ၊ စီးပွားရေးသမားများက အာရှ၊ ဥရောပနှင့် အမေရိကရှိ ပြတိုက်များသို့ တရားမဝင် တင်ပို့ခြင်းမပြုမီ ဘန်ကောက်မြို့ရှိ ရှေးဟောင်းပစ္စည်းများ ရောင်းဝယ်သူများထံ ဆယ်စုနှစ်များစွာ မှောင်ခိုကူးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အစိုးရရှေ့နေရုံးက ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here