ပို့ကုန်တင်ပို့သူ၏ ပို့ကုန်ရငွေပမာဏမှ ၆၅ ရာခိုင်နှုန်းအား အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဝယ်ယူရမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

0
273

ပို့ကုန်တင်ပို့သူ၏ ပို့ကုန်ရငွေပမာဏမှ ၆၅ ရာခိုင်နှုန်းအား အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဝယ်ယူရမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

ဗဟိုဘဏ်မှ အမိန့်ကြော်ငြာစာအမှတ်(၃၆/၂၀၂၂)အရ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)သတ်မှတ်ချက်အတိုင်း မြန်မာကျပ်ငွေဖြင့်လဲလှယ်ရမည်ဟု သြဂုတ် ၁၆ ရက်ကထုတ်ပြန်ခဲ့သည်။

အလားတူ ကျန်ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအား ပို့ကုန်တင်ပို့သူမှ ကိုယ်တိုင်သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သည့်အခြားသူများထံသို့ လွှဲပြောင်းခြင်းနှင့် AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို Transaction ဖြင့်ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေလွှဲပြောင်းရယူထားသည့် ကုမ္ပဏီ၊အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များသည် လွှဲပြောင်းရယူထားသည့် ပို့ကုန်ရငွေအား ကိုယ်တိုင်သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များသို့သာ ရောင်းချခြင်းတို့ကိုသာ ဆောင်ရွက်ပေးရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းအား ပို့ကုန်ရငွေဝင်ရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း၌ ဆောင်ရွက်ရမည်ဖြစ်ကာ သတ်မှတ်ရက်ပြည့်ပြီး သုံးစွဲမှုမရှိဘဲကျန်ရှိသည့် ငွေများအား AD လိုင်စင်ရဘဏ်များသို့ရောင်းချရမည်ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် Cross-border transaction များအား နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ရယူရမည်ဟု ဗဟိုဘဏ်ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here