ယူကေ၏အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်း၌အလုပ်သမားများသပိတ်မှောက်

0
197

ယူကေ၏အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်း၌အလုပ်သမားများသပိတ်မှောက်

ဗြိတိန်နိုင်ငံ၏အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းမှ အလုပ်သမားများသည် ရှစ်ရက်ကြာ သပိတ်မှောက်မည်ဟုဆိုကြပြီး ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်များ မြင့်တက်‌ေနချိန်တွင် လစာတိုးမြင့်ပေးရန်တောင်းဆိုခဲ့ကြသည်။

Felixstowe ဆိပ်ကမ်းရှိ အလုပ်သမား ၂,၀၀၀ နီးပါးသည် တနင်္ဂနွေနေ့မှစကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။အဆိုပါဆိပ်ကမ်းသည် သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ရေးမှရရှိသည့် နိုင်ငံ့ဝင်ငွေထက်ဝက်ခန့်ကို ရှာဖွေပေးနေသော ဆိပ်ကမ်းတစ်ခုဖြစ်ကာ တစ်နှစ်လျှင် သင်္ဘောအစီးနှစ်ထောင်ထံမှ ကွန်တိန်နာအလုံးရေလေးသန်းခန့်ကို အတင်အချပြုလုပ်နေသော ဆိပ်ကမ်းတစ်ခုဖြစ်သည်။

ယူကေ၌ရထားဝန်ထမ်းများလည်း ဆန္ဒပြလျက်ရှိပြီး ပုံမှန်ရထားငါးစီးထွက်လျှင် ယခုတစ်စီးသာထွက်သဖြင့် သွားလာရေးအခက်အခဲများဖြစ်နေချိန် ဆိပ်ကမ်းအလုပ်သမားများပါ ယခုကဲ့သို့ဆန္ဒပြခြင်းဖြစ်သည်။

စာတိုက်ဝန်ထမ်းများလည်း ယခုလနှောင်းပိုင်းတွင် လေးရက်ကြာသပိတ်မှောက်ရန် စီစဉ်ထားပြီး အမေဇုန်ဂိုဒေါင်ဝန်ထမ်းများ၊ ရာဇ၀တ်မှုခင်းဆိုင်ရာရှေ့နေများနှင့် အမှိုက်သိမ်းဝန်ထမ်းများသည် မကြာသေးမီရက်ပိုင်းအတွင်းက ဆန္ဒပြသူများထဲတွင် ပါဝင်လာခဲ့သည်။

“အခုလိုသပိတ်မှောက်ခြင်းဟာ ကြီးမားတဲ့အနှောင့်အယှက်ဖြစ်စေပြီး ယူကေရဲ့ ထောက်ပံ့ရေးကွင်းဆက်ကိုအများကြီးထိခိုက်စေမှာပါ။ဒါပေမဲ့လည်း ဒီအငြင်းပွားမှု၊ဆန္ဒပြမှု‌ေတွဟာ ကုမ္ပဏီကိုယ်တိုင်ကဖန်တီးလိုက်တဲ့အရာပါပဲ” ဟု သပိတ်မှောက် Felixstowe အလုပ်သမားများကို ကိုယ်စားပြုသည့် Unite သမဂ္ဂရှိ သင်္ဘောကျင်းအရာရှိ Bobby Morton က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ကုမ္ပဏီက ကျွန်တော်တို့ရဲ့တောင်းဆိုမှုကို မျှမျှတတ လိုက်လျောဆုံးဖြတ်ပေးရင် အဆင်ပြေနိုင်ပါလျက်နဲ့ အဲ့ဒီလမ်းကိုမရွေးချယ်ခဲ့တာပါ” ဟုလည်း၎င်းကဆိုသည်။

CK Hutchison Holding Ltd ကပိုင်ဆိုင်သည့် Port of Felixstowe အနေဖြင့်လည်း ယခုကဲ့သို‌ေသာဖြစ်ရပ်များအပေါ် စိတ်ပျက်မိကြောင်းဆိုကာ ၎င်းဘက်ကပေးနိုင်သည့် ၈ ရာခိုင်နှုန်းလစာတိုးပေးမည်ဟူသော လိုက်လျောမှုသည် မျှတသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းတို့အနေဖြင့် လုံခြုံဘေးကင်းသည့်လုပ်ငန်းခွင်နှင့် ကောင်းမွန်သည့်လစာပမာဏ ပေးထားပြီးသားဖြစ်သဖြင့် ယခုကဲ့သို့ပြုလုပ်နေခြင်းကအကျိုးမရှိနိုင်ပဲ မည်သူမျှအနိုင်ရလိမ့်မည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကစတင်ခဲ့သော ရုရှား-ယူကရိန်းအရေးကြောင့် စီးပွားရေးတစ်စိတ်တစ်ပိုင်းထိခိုက်ခဲ့ရသည့် ယူကေတွင် ငွေကြေးဖောင်းပွမှုသည် နှစ် ၄၀ အချိန်အတွင်း ပြီးခဲ့သည့်လက အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး အစားအသောက်နှင့်စွမ်းအင်ဈေးနှုန်းများလည်း မြင့်တက်နေကာ ငွေကြေးဖောင်းပွမှုသည် ၁၀ ရာခိုင်နှုန်းကျော်ထိရောက်ရှိသွားခဲ့သည်။

ယူကေဘဏ်ကလည်း အဆိုပါငွေကြေးဖောင်းပွမှုသည် ယခုနှစ်အတွင်း ၁၃ ရာခိုင်နှုန်းအထိရောက်ရှိနိုင်ကာ ယူကေအတွက်‌ ရေရှည်စီးပွားရေးကျဆင်းမှု ဖြစ်စေနိုင်သည်ဟုဆိုသည်။

Source – Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here