ယူကရိန်း၏ ရုရှားနိုင်ငံသားအားလုံး ကိုဗီဇာပိတ်ပင်ရန် တောင်းဆိုမှုအား အမေရိကန် ပယ်ချ

0
199

ယူကရိန်း၏ ရုရှားနိုင်ငံသားအားလုံး ကိုဗီဇာပိတ်ပင်ရန် တောင်းဆိုမှုအား အမေရိကန် ပယ်ချ

ဝါရှင်တန်၊ ဩဂုတ် ၂၃

 

အမေရိကသည် ရုရှား၏ အတိုက်အခံများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဒဏ် ကိုခံနိုင်ရည်မရှိသူများအတွက် ခိုလှုံခွင့်ဆိုင်ရာ လမ်းကြောင်းများ မပိတ်ပင်လိုကြောင်း ပြောဆိုလျက် ယူကရိန်းက တောင်းဆိုသော ရုရှားနိုင်ငံသားများအား ဗီဇာပိတ်ပင်မှုကို ဩဂုတ်လ ၂၂ ရက် တနင်္လာနေ့တွင် ငြင်းပယ်ခဲ့သည်။

 

ယူကရိန်းသမ္မတ ဇလန်းစကီးသည် ယခုလအစောပိုင်း၌ ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့စဉ် အဆိုပါ ဗီဇာပိတ်ပင်မှုနှင့် ပတ်သက်၍ ပထမဆုံးအကြိမ်တိုက်တွန်းခဲ့ကာ ရုရှားနိုင်ငံသားများသည် ၎င်းတို့၏အတွေးအခေါ်ကို မပြောင်းလဲသရွေ့ ၎င်းတို့၏နိုင်ငံအတွင်း၌သာ နေထိုင်သင့်သည်ဟု ပြောကြားခဲ့သည်။

 

ဇလန်စကီးသည် ဥရောပသမဂ္ဂနိုင်ငံများအား စူပါမားကတ်တစ်ခုကဲ့သို့ ပိုက်ဆံရှိသူတိုင်း ဝင်ရောက်သွားလာနိုင်သည့် နေရာတစ်ခု ဖြစ်မလာစေရန်အတွက် ရုရှားနိုင်ငံသားများကို ဝင်ခွင့် ပိတ်ပင်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ဆော်ဩမှုတစ်ခု ထပ်မံပြုလုပ်ခဲ့သည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဘိုင်ဒင်အစိုးရသည် ကရင်မလင်း အရာရှိများအတွက် ဗီဇာ ကန့်သတ်ချက်များ ချမှတ်ထားပြီးဖြစ်သော်လည်း ၎င်း၏ အဓိကတာဝန်မှာ ရုရှား-ယူကရိန်း အရေးအခင်းတွင် ပါဝင်ပတ်သတ်သူများအား ဖော်ထုတ်ကာ တာဝန်ခံခိုင်းရန်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

“အမေရိကန်ပြည်ထောင်စုဟာ ရုရှားအတိုက်အခံတွေ ဒါမှမဟုတ် လူအခွင့်အရေးချိုးဖောက်ခံရမှုဒဏ်ကို မခံနိုင်တဲ့သူတွေအတွက် ခိုလှုံရာနဲ့ ဘေးကင်းရေးလမ်းကြောင်းတွေကို ပိတ်ပင်လိုစိတ် မရှိပါဘူး”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ရုရှားအစိုးရ၏ လုပ်ဆောင်ချက်များနှင့် ယူကရိန်းရှိ ၎င်း၏မူဝါဒများသည် ရုရှားပြည်သူများနှင့် မသက်ဆိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဖင်လန်ဝန်ကြီးချုပ် ဆန်နာ မာရင်း နှင့် အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီး ကာယာ ကာလားစ်ကဲ့သို့သော အီးယူခေါင်းဆောင်အချို့က အီးယူ တစ်ခွင်လုံးတွင် ရုရှားဗီဇာပိတ်ပင်ရန် တောင်းဆိုခဲ့သည်။

ရုရှားနိုင်ငံသားများသည် ၎င်းအစိုးရ၏ အုပ်ချုပ်မှုနည်းစနစ်အား သဘောမတူ၍ ဇာတိနိုင်ငံမှ ထွက်ပြေးမည့်အခါ အခွင့်အလမ်းများ ရှိနေသင့်သည်ဟု ပြောဆိုလျက် ဂျာမန်အကြီးအကဲ အိုလက်ဖ် ရှိဇ်က ယင်းတောင်းဆိုချက်ကို ကန့်ကွက်ခဲ့ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

 

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here