ဘင်္ဂလားဒေ့ရှ်၌ လျှပ်စစ် ချွေတာရန် ကျောင်းချိန်၊ ရုံးချိန်များလျှော့ချ

0
190

ဘင်္ဂလားဒေ့ရှ်၌ လျှပ်စစ် ချွေတာရန် ကျောင်းချိန်၊ ရုံးချိန်များလျှော့ချ

ယူကရိန်းစစ်ပွဲ အကျိုးဆက်အနေဖြင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုအပေါ် စိုးရိမ်မှုများ တိုးမြင့်လာ၍ ဘင်္ဂလားဒေ့ရှ်သည် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျှော့ချရန် စာသင်ကျောင်းများကို တစ်ပတ်လျှင် တစ်ရက်တိုး၍ ပိတ်ခိုင်းထားပြီး အစိုးရရုံးများနှင့် ဘဏ်များတွင်လည်း ၎င်းတို့၏ အလုပ်ချိန်ကို တစ်နာရီ လျှော့ချခိုင်းထားကြောင်း သိရသည်။

ဘင်္ဂလားဒေရှ့်၌ ကျောင်းအများစုကို သောကြာနေ့ တစ်ရက်တည်းသာ ပိတ်ခိုင်းခဲ့သော်လည်း ယခုအခါ စနေနေ့တွင်ပါ ပိတ်ထားခိုင်းကြောင်း အစိုးရအဖွဲ့အတွင်းဝန် Khandker Anwarul Islam က ပြောကြားခဲ့သည်။

အစိုးရရုံးများနှင့် ဘဏ်များသည် ၎င်းတို့၏ အလုပ်ချိန်ကို ရှစ်နာရီမှ ခုနစ်နာရီသို့ လျှောချထားသော်လည်း ပုဂ္ဂလိကရုံးများသည် ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ချိန်ကို ၎င်းတို့ကိုယ်တိုင် သတ်မှတ်နိုင်သည်ဟု Khandker ကဆိုသည်။

ယူကရိန်းစစ်ပွဲကြောင့် ထောက်ပံ့ရေး ပြတ်တောက်မှုများဖြစ်ပေါ်ကာ စွမ်းအင်နှင့် စားနပ်ရိက္ခာကဏ္ဍတွင် ကမ္ဘာ့စျေးနှုန်းများ မြင့်တက်လာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ပြီးခဲ့သည့်လက စက်သုံးဆီဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် မြင်တက်လာခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ၎င်းသည် အထူး သဘောတူညီချက်အရ ရုရှားထံမှ ဈေးသက်သက်သာသာ ဖြင့်လောင်စာဆီ ဝယ်ယူနိုင်ရန် နည်းလမ်း ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများရှိနေသော်လည်း အစိုးရက နိုင်ငံတကာ စက်သုံးဆီဈေး မြင့်တက်နေချိန်တွင် ဆုံးရှုံးမှုများ ကိုတတ်နိုင်သမျှ လျော့ချရန် ယင်းကဲ့သို့ ပြုလုပ်ရန် မဖြစ်မနေလိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရက ဒီဇယ်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်မှုကို ဆိုင်းငံ့ထားပြီးနောက် ပြည်သူများမှာ မကြာခဏ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

သို့ရာတွင် အာဏာပိုင်များက နိုင်ငံ၏ဒေါ်လာ ၄၁၆ ဘီလီယံတန် စီးပွားရေးကို ပံ့ပိုးကူညီရန်အတွက် စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား ဆက်လက်ပံ့ပိုးပေးမည်ဟု ကတိပြုထားသည်။

Source: အယ်လ်ဂျာဇီးယား

 


LEAVE A REPLY

Please enter your comment!
Please enter your name here