တရုတ်လေကြောင်းခရီးစဥ်ဖျက်သိမ်းမှုအားတုံ့ပြန်သည့်အနေဖြင့် အမေရိကမှ တရုတ်သို့ခရီးစဉ် ၂၆ ခုအားဆိုင်းငံ့

0
266

တရုတ်လေကြောင်းခရီးစဥ်ဖျက်သိမ်းမှုအားတုံ့ပြန်သည့်အနေဖြင့် အမေရိကမှ တရုတ်သို့ခရီးစဉ် ၂၆ ခုအားဆိုင်းငံ့

ဝါရှင်တန်၊ဩဂုတ် ၂၆

ကိုဗစ်ဖြစ်ပွားမှုကြောင့် အမေရိကန်လေကြောင်းလိုင်းခရီးစဥ်အချို့အား ဆိုင်းငံ့ထားသည့် တရုတ်အစိုးရ၏ဆုံးဖြတ်ချက်ကိုတုံ့ပြန်သည့်အနေဖြင့် တရုတ်လေကြောင်းလိုင်းလေးခု၏ အမေရိကမှ တရုတ်သို့ပျံသန်းမည့် ခရီးစဉ် ၂၆ ခုကို ဆိုင်းငံ့ထားမည်ဟု အမေရိကန်အစိုးရကသြဂုတ်လ ၂၅ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ယခုဆုံးဖြတ်ချက်တွင် Xiamen,Air China, China Southern Airlines နှင့် China Eastern Airlines တို့၏ စက်တင်ဘာ ၅ ရက်မှ၂၈ ရက်အထိ ခရီးစဉ်များပါဝင်မည်ဖြစ်သည်။အမေရိကန် သယ်ယူပို့ဆောင်ရေးဌာန (USDOT) သည် Delta Air Lines နှင့် United Airlines တို့အပါအဝင် အမေရိကန်မှတရုတ်သို့သွားမည့် လေကြောင်းခရီးစဉ် ၂၆ ခု ကိုဖျက်သိမ်းလိုက်ကြောင်း မကြာသေးမီကဖော်ပြခဲ့သည်။

ဆိုင်းငံ့ထားမှုများတွင် လော့စ်ဆန်းဂျလိစ်မှ တရုတ်နိုင်ငံသို့ ပျံသန်းမည့် လေယာဉ် ၁၉ စင်းနှင့် နူးယော့ခ်မှပျံသန်းမည့် China Eastern ၏လေကြောင်းခရီးစဉ် ၇ ခုတို့ ပါဝင်သည်။

ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ Liu Pengyu က USDOT ၏ လုပ်ဆောင်ချက်သည် အလွန်တာဝန်မဲ့ကာ တရုတ်လေကြောင်းလိုင်းခရီးစဥ်များကို အခြေအမြစ်မရှိဆိုင်းငံ့ထားခြင်းသာဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ကိုဗစ်ရပ်တန့်ရေး ” circuit breaker” အစီအမံများသည် တရားမျှတပွင့်လင်းမြင်သာမှုရှိပြီး တရုတ်နှင့်နိုင်ငံခြားလေကြောင်းလိုင်းနှစ်ခုစလုံးတွင် အသုံးချကာ နှစ်နိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေး သဘောတူညီချက်များနှင့်ကိုက်ညီသည်ဟု သံရုံးကပြောကြားခဲ့သည်။

USDOT ကမူ သြဂုတ်လ ၇ ရက်က တရုတ်အာဏာပိုင်များသည် ၎င်းတို့၏မူဝါဒများကို ပြန်လည်ပြင်ဆင်ထားသဖြင့် တရုတ်နိုင်ငံသွားမည့်လေယာဉ်ပေါ်၌ ကိုဗစ်ကူးစက်ခံထားရသည့် ခရီးသည်ပမာဏသည် စုစုပေါင်း၏ ၄ ရာခိုင်နှုန်းရှိပါက လေယာဉ်ခရီးစဉ်ကိုတစ်ကြိမ်ရပ်နားမှာဖြစ်ပြီး ၈ ရာခိုင်နှုန်းရှိပါက လေယာဉ်ခရီးစဉ်နှစ်ခုကို ရပ်ဆိုင်းမည်ဖြစ်သည်ဟုဆိုခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ အမေရိကဘက်မှတရုတ်၏စည်းမျဉ်းများသည် မျှတမှုမရှိကြောင်း အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပြီးဖြစ်သည်ဟုဆိုခဲ့သည်။အကြောင်းမှာ အမေရိကဘက်မှလေယာဉ်ပေါ်မတက်မီစစ်ဆေးရာတွင် ကိုဗစ်မရှိသည့်ခရီးသည်များသည် တရုတ်သို့ရောက်ချိန် စစ်လိုက်တိုင်း ကိုဗစ်ရှိကြောင်းသာပြနေသဖြင့် ခရီးသွားများအတွက် အဆင်မပြေဖြစ်ရသည်ဟုဆိုသည်။

ကပ်ရောဂါစတင်ကတည်းက ပေကျင်းနှင့် ဝါရှင်တန်တို့သည် လေကြောင်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဟန်ရေးပြစကားစစ်ထိုးနေကြခြင်းဖြစ်သည်။ဇန်န၀ါရီလကလည်း သယ်ယူပို့ဆောင်ရေးဌာနသည် တရုတ်၏ အမေရိကန်လေကြောင်းခရီးစဉ် ၄၄ ခုဖျက်သိမ်းလိုက်ခြင်း‌အပေါ် တရုတ်လေကြောင်းလိုင်းလေးခု၏ အမေရိကန်မှ တရုတ်သို့လေကြောင်းခရီးစဉ် ၄၄ ခုကို ရပ်ဆိုင်းခြင်းဖြင့် တုံ့ပြန်ခဲ့ဖူးသေးသည်။

ပေကျင်း သည် United လေကြောင်းလိုင်း လေးခုအပေါ်  အလားတူကန့်သတ်မှုများ ချမှတ်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လကလည်း USDOT သည် တရုတ်လေကြောင်းလိုင်းများမှ ခရီးစဉ်လေးခုအား ခရီးသည် ၄၀ ရာခိုင်နှုန်းသာတင်ရန် လေးပတ်ကြာကန့်သတ်ခဲ့သေးသည်။

အမေရိကန်လေကြောင်းလိုင်းသုံးခုနှင့် တရုတ်လေကြောင်းလိုင်း လေးခုတို့သည် ပုံမှန်အားဖြင့် နှစ်နိုင်ငံကြားတွင် တစ်ပတ်လျှင် အကြိမ်ရေ ၂၀ ခန့်ပျံသန်းလေ့ရှိပြီး ကပ်ရောဂါမဖြစ်ပွားမီကမူ တစ်ပတ်လျှင်ကြိမ်ရေ ၁၀၀ ကျော်ထက်မနည်း ကောင်းမွန်စွာလည်ပတ်နေခဲ့ခြင်းဖြစ်သည်။

Source – Reuters/ga


LEAVE A REPLY

Please enter your comment!
Please enter your name here