အမေရိကပိတ်ဆို့အရေးယူမှုသတိပေးချက် အဓိပ္ပာယ်မရှိဟုတူကီ‌ယေးဆို

0
139

အမေရိကပိတ်ဆို့အရေးယူမှုသတိပေးချက် အဓိပ္ပာယ်မရှိဟုတူကီ‌ယေးဆို

တူကီ‌ယေးဘဏ္ဍာရေးဝန်ကြီးက ဒဏ်ခတ်ပိတ်ဆို့ထားသော ရုရှားစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်နေမှုကြောင့် တူကီ‌ယေးစီးပွား‌ရေးလုပ်ငန်းများအပေါ် အမေရိက၏ ပိတ်ဆို့အရေးယူမှုများ ဖြစ်လာနိုင်သည်ဟူ‌သော သတိပေးချက်နှင့်ပတ်သက်၍ အဓိပ္ပာယ်မဲ့စိုးရိမ်မှုများသာဖြစ်သည်ဟု ပယ်ချခဲ့သည်။

တူကီယေးကုမ္ပဏီများသည် အမေရိက၏ ပိတ်ဆို့အရေးယူခံရသော ရုရှားလုပ်ငန်း (သို့) အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ပါက အကျိုးဆက်အနေဖြင့် အန္တရာယ်ရှိနိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝါလီအဒါအမွန်ထံမှ စာတစ်စောင် လက်ခံရရှိထားကြောင်း တူကီယေးစက်မှုလုပ်ငန်းနှင့်စီးပွားရေးအသင်းက ယခုအပတ်တွင်အတည်ပြုခဲ့သည်။

တူကီယေးဘဏ္ဍာရေးဝန်ကြီး နူရီဒင်နေဘာတီကမူ ၎င်းတို့အနေဖြင့် အိမ်နီးချင်းများနှင့်အတူ ပိတ်ဆို့အရေးယူမှုမခံရသော မူဘောင်အတွင်းမှတစ်ဆင့် စီးပွားရေးနှင့်ကုန်သွယ်မှုဆက်ဆံရေးကိုတိုးမြှင့်ရန် ဆုံးဖြတ်ထားကြောင်း သောကြာနေ့ကတွစ်တာတွင်ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်တူကီယေးသည် ရုရှား၏ကျူးကျော်မှုနှင့် ယူကရိန်းသို့ လက်နက်များပေးပို့ခြင်းတို့ကို ဝေဖန်ခြင်းဖြင့် မော်စကိုနှင့်ကိဗ်တို့ကြား မျှတစေရန် ကြိုးပမ်းခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကာ ရုရှားနှင့် ကုန်သွယ်မှု၊ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်နေခဲ့သည်။

သို့သော်လည်း တူကီယေးသည် ၎င်းအနေဖြင့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကို ဖောက်ဖျက်ရန် ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

“တူကီယေး၏ စီးပွားရေးအသိုင်းအဝိုင်းတွင် စိုးရိမ်မှုများဖြစ်‌ေစရန် ပေးပို့သောစာတစ်စောင်သည် မည်သည့်အဓိပ္ပာယ်မှမရှိပါ” ဟု နေဘာတီကပြောကြားခဲ့ပြီး အမေရိကအ‌နေဖြင့် ကျွန်ုပ်တို့၏စီးပွားရေးတွင် ၎င်း၏စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်သည့်အတွက်ဝမ်းမြောက်ကြောင်းလည်းပြောကြားခဲ့သည်။

“တူကီယေးသည် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး ပါဝါဗဟိုချက်များထဲမှ တစ်ခု ဖြစ်ကာ ကျွန်တော်တို့ရဲ့စီးပွားရေးလောကဟာ နိုင်ငံတော်ရဲ့စွမ်းအားကို အချိန်တိုင်းသိနေရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုလအစောပိုင်းတွင် တူကီယေးသမ္မတ အာဒိုဂန်သည် ရုရှားနိုင်ငံဆိုချီမြို့၌ ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန်ကတိပြုခဲ့သည်။

ရုရှား-တူကီယေး ကုန်သွယ်မှုသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ပထမငါးလအတွင်း နှစ်ဆတိုးလာကြောင်း ပူတင်က‌‌ ပြောကြားခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြားမှပင် မော်စကိုသည်အန်ကာရာနှင့် ဆက်ဆံရေး တိုးတက်လာမှုကိုထင်ဟပ်စေခဲ့သည်။

စီးပွားရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရသောတူကီယေးသည် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် ရုရှားကိုအားကိုးနေရလျက်ရှိသည်။ရုရှားဓာတ်ငွေ့သည် တူကီယေးစွမ်းအင်လိုအပ်ချက်၏ ၄၅ ရာခိုင်နှုန်းကိုကာမိစေပြီး ရုရှား၏အဏုမြူအေဂျင်စီကလည်း တူကီယေး၏ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံကို တည်ဆောက်နေသည်ဟုသိရှိရသည်။

ရုရှားနှင့်သာမက ၎င်း၏နိုင်ငံတကာဆက်ဆံရေးကိုပါ ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း နေဘာတီကပြောကြားခဲ့သည်။

“ပိတ်ဆို့ဒဏ်ခတ်မှုမခံရသော မူဘောင်တစ်ခုအတွင်းမှ အထူးသဖြင့်ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍအသီးသီးတွင်အိမ်နီးချင်းနိုင်ငံများနှင့်အတူ ကုန်သွယ်မှုနှင့်စီးပွားရေးဆက်ဆံမှုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် ကျွန်ုပ်တို့ဆုံးဖြတ်ထားပါသည်” ဟု ၎င်းကတွစ်တာတွင်ရေးသားခဲ့သည်။

တူကီယေးထုတ်ကုန်များအတွက် ရုရှား၀ယ်လိုအားတိုးလာကြောင်း သတ္တုတင်ပို့ရောင်းချသူများအဖွဲ့၏အကြီးအကဲက ယခုလတွင်ပြောကြားခဲ့ပြီး ဥရောပစီးပွား‌ရေးလုပ်ငန်းများသည် တူကီယေးကုမ္ပဏီများ အနေဖြင့် ရုရှားနိုင်ငံအားတူကီယေးမှတဆင့်ထောက်ပံ့မှုပြုလုပ်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်းသိရှိရသည်။

Source – အယ်လ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here