ဒဲလ်နည်းပညာကုမ္ပဏီ ရုရှားမှ အပြီးအပိုင်ထွက်ခွာ

0
197

ဒဲလ်နည်းပညာကုမ္ပဏီ ရုရှားမှ အပြီးအပိုင်ထွက်ခွာ

ဒဲလ်နည်းပညာ ကုမ္ပဏီသည် ဩဂုတ်လလယ်တွင် ရုရှားရှိ ၎င်း၏ရုံးများကို ပိတ်လိုက်ပြီးနောက် ရုရှားနိုင်ငံမှ အပြီးအပိုင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက် စနေနေ့တွင်‌ ပြောကြားခဲ့သည်။ ဒဲလ်သည် ရုရှားနိုင်ငံမှ ထွက်ခွာလာသော အနောက်တိုင်းကုမ္ပဏီများစာရင်းတွင် နောက်ဆုံးဖြစ်လာခဲ့သည်။

ရုရှားနိုင်ငံရှိ ဆာဗာများအတွက် အရေးပါသော ကုန်ပစ္စည်းများ ကိုပံ့ပိုးသည့် အမေရိကန် ကွန်ပျူတာကုမ္ပဏီကြီး ဒဲလ်သည် ဖေဖော်ဝါရီလ ၂၄ ရက်၌ ရုရှား-ယူကရိန်းအရေးအခင်း စတင်ကတည်းက အခြားသော ကုမ္ပဏီများနှင့်အတူ ရုရှားအား အရေးယူပိတ်ဆို့မှုများပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည်။ 

ဒဲလ်သည် ဖေဖော်ဝါရီလ၌ ယူကရိန်းနှင့် ရုရှားတို့တွင် ၎င်း၏ ကုန်ပစ္စည်းများ ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်ဆုံးဖြတ်ချက်များ မပြုလုပ်မီ အခြေအနေကို စောင့်ကြည်သွားမည်ဟု ပြောကြားသည်။

“ရုရှားမှာရှိတဲ့ ကျွန်တော်တို့ရုံးတွေကို ဩဂုတ်လလယ်မှာ ပိတ်ချလိုက်ပြီး ရုရှားနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်” ဟု ဒဲလ်၏ ပြောရေးဆိုခွင့်ရှိသူ မိုက် ဆီမီရေးနက်စ်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ဖေဖော်ဝါရီလကတည်းက ရုရှား၊ ဘီလာရုစ်၊ ဒိုနက်ဆစ်ခ်၊ လူဟန့်ခ်စ် နဲ့ ခရိုင်မီးယားဒေသတွေမှာ ကုန်ပစ္စည်းတွေ မရောင်းဖို့၊ ဝန်ဆောင်မှု ဒါမှမဟုတ် ပံ့ပိုးမှုတွေ မပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ဒဲလ်သည် ရုရှားနိုင်ငံမှ အပြီးအပိုင်ထွက်ခွာမည်ဖြစ်ပြီး ၎င်း၏ ဒေသခံဝန်ထမ်းများအားလုံးကို အလုပ်ဖြုတ်လိမ့်မည်ဖြစ်ကြောင်း CNews သတင်းဌာနက ယခုအပတ်အတွင်း ဖော်ပြခဲ့သည်။

ဒဲလ်ကုမ္ပဏီသည် မိမိတို့တိုင်းပြည်မှ အပြီးအပိုင် ထွက်ခွာနေပြီဟူသော သတင်းမီဒီယာများ၏ ဖော်ပြချက်များ ထွက်ပေါ်လာပြီးနောက် ရုရှားနိုင်ငံရှိ ဒဲလ်တွင် အလုပ်လုပ်နေသော သုတေသီများနှင့် အင်ဂျင်နီယာများကို အလုပ်အကိုင်သစ်များ ကမ်းလှမ်းခဲ့ကြောင်း ရုရှားစက်မှုဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။

Source: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here