ရုရှားနိုင်ငံသားများ ခရီးသွားလာခွင့် စည်းမျဉ်းများကိုအီးယူ တင်းကျပ်

0
112

ရုရှားနိုင်ငံသားများ ခရီးသွားလာခွင့် စည်းမျဉ်းများကိုအီးယူ တင်းကျပ်

ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများသည် မော်စကိုနှင့် ၎င်းတို့ကြားရှိ ပြည်ဝင်ခွင့် ဗီဇာကိုအဆင်‌ပြေစွာရရှိ‌စေရေး သဘောတူညီချက်ကို ဩဂုတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် ရပ်ဆိုင်းခဲ့ပြီး ရုရှားနိုင်ငံသားများ ဥရောပအတွင်းသို့ ခရီးသွားနိုင်မည့် ရှမ်ဂမ်ဗီဇာရယူခွင့်ကို ခက်ခဲအောင် ပြုလုပ်ခဲ့သည်။

သို့ရာတွင် ယူကရိန်းနှင့် အခြားအဖွဲ့ဝင်နိုင်ငံအများအပြားက တောင်းဆိုထားသည့် ရုရှားနိုင်ငံသားများအတွက် အီးယူ ဗီဇာပိတ်ပင်မှုကိုမူ ဥရောပသမဂ္ဂက သဘောတူညီခဲ့ခြင်း မရှိပေ။

ဥရောပသမဂ္ဂ အဖွဲ့ဝင်များသည် အဆိုပါ ဗီဇာ တားမြစ်ပိတ်ပင်မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာတွင် လွန်စွာ သဘောထားကွဲလွဲခဲ့ကြသည်။

ထို့အပြင် ရုရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ပိုလန်နှင့် ဖင်လန်နိုင်ငံတို့က ရုရှားနိုင်ငံသားများ‌၏ ပြည်ဝင်ခွင့်ဗီဇာ အပေါ် မည်သို့သော တစ်ဖက်သတ်စီမံချက်များ ပြုလုပ်သွားမည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အထက်ပါ ငါးနိုင်ငံသည် ရုရှားကိုရှန်ဂန်ဗီဇာအား အဆင်ပြေစွာရရှိစေရေး သဘောတူညီချက်အား ဆိုင်းငံ့လိုက်ခြင်းကိုကြိုဆိုခဲ့ကြသော်လည်း ၎င်းတို့ထဲမှ လေးနိုင်ငံက ရုရှားနိုင်ငံသားများအတွက် ထုတ်ပေးသည့် ဗီဇာအရေအတွက်နှင့် ဥရောပသမဂ္ဂနိုင်ငံများအတွင်းသို့ ဝင်ရောက်ခွင့်ပေးမည့် လူအရေအတွက်ကို ပြင်းထန်စွာကန့်သတ်ရန် လိုအပ်သေးကြောင်း အလေးပေးပြောကြားခဲ့သည်။

“အီးယူအဆင့်မှာ ဒီလိုအစီအမံတွေ အထမမြောက်မချင်း၊ ကျွန်တော်တို့အနေနဲ့ ပြည်သူ့လုံခြုံရေးပြဿနာများကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံအဆင့် မှာ ဗီဇာပိတ်ပင်မှုဆိုင်ရာ ယာယီအစီအမံတွေ ပြုလုပ်ဖို့ ဒါမှမဟုတ် အီးယူ ဗီဇာ ကိုင်ဆောင်ထားတဲ့ ရုရှားနိုင်ငံသားတွေအတွက် နယ်စပ်ဖြတ်ကျော်မှုကို ကန့်သတ်ဖို့ စဉ်းစားနေပါတယ်” ဟု လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနှင့် ပိုလန်တို့က ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဂရက်ရှ်ကိုက မော်စကိုအနေဖြင့် အဆိုပါလုပ်ရပ်အပေါ်  ဒီအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း RIA သတင်းဌာနက ဖော်ပြခဲ့သည်။

Source: အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here