ဩစတြေးလျနှင့်ပြင်သစ်တို့ကာကွယ်ရေးဆက်ဆံရေးတိုးမြှင့်

0
93

ဩစတြေးလျနှင့်ပြင်သစ်တို့ကာကွယ်ရေးဆက်ဆံရေးတိုးမြှင့်

ဘရက်စ်၊စက်တင်ဘာ ၁

သြစတြေးလျနှင့်ပြင်သစ်တို့သည် ၎င်းတို့၏ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေပြီး သံတမန်ဆက်ဆံရေးအား တိုးမြှင့်နေကြောင်း တာဝန်ရှိသူများက စက်တင်ဘာလ (၁)ရက်တွင်ပြောကြားခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်က ပြင်သစ်အား ဒေါသအမျက် ချောင်းချောင်းထွက်စေခဲ့သည့် လျှို့ဝှက်ရေငုပ်သင်္ဘောစာချုပ်အငြင်းပွားမှုမှ မကျေလည်မှုများကိုကုစားရန် နှစ်နိုင်ငံလုံးက ကြိုးပမ်းနေကြခြင်းဖြစ်သည်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Richard Marles က ၎င်း၏ဥရောပခရီးစဉ်အတွင်း ဩစတြေးလျအနေဖြင့် အတိတ်ကပြဿနာများကိုလျစ်လျူရှုကာ ပြင်သစ်နှင့်အတူရှေ့ဆက်မည်ဖြစ်ကြောင်း ကတိစကားပြောကြားခဲ့သည်။

သြစတြေးလျသည် ယူရိုဘီလီယံနှင့်ချီ၍တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာစာချုပ်ကို ပြင်သစ်နှင့်ဖျက်သိမ်းကာ ၎င်း၏လုပ်ငန်းကို အမေရိကန်နှင့်ဗြိတိန်တို့ထံ လွှဲပြောင်း‌ ပေးခဲ့ပြီးနောက် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်ုပ်တို့၏ဆက်ဆံရေးသည် ပွင့်လင်းမှု၊လေးစားမှုနှင့်ရိုးသားမှုတို့ဖြင့် ရှေ့သို့ဆက်သွားရန်အရေးကြီးသည်” ဟု ဩစတြေးလျဝန်ကြီး Marles က ပြင်သစ်နိုင်ငံအနောက်ပိုင်း ဘရပ်စ်ဆိပ်ကမ်းမြို့၌ ပြင်သစ်အရာရှိ Sébastien Lecornu နှင့် ပူးတွဲထုတ်ပြန်သည့် ကြေငြာချက်တွင်ပြောကြားခဲ့သည်။

 

ဝန်ကြီးနှစ်ဦးသည် ၎င်းတို့၏ ပူးတွဲကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေမည့် စီမံကိန်းများဆောင်ရွက်ရန် ကတိပြုထားကြောင်းနှင့် သာယာဝပြောကာလုံခြုံသော အင်ဒို-ပစိဖိတ်ဒေသတွင် ၎င်းတို့၏ ဘုံအကျိုးစီးပွားကိုကာကွယ်ရန် ကတိပြုထားကြောင်းပြောကြားခဲ့သည်။

“စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်” လည်းသဘောတူညီခဲ့ကြပြီး ပိုမိုခိုင်မာသော ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ ဒေသတွင်း ပူးတွဲတပ်ဖြန့်မှုများ၊လေ့ကျင့်ရေးလှုပ်ရှားမှုများနှင့် ထောက်လှမ်းရေးမျှဝေခြင်းတို့ကို မြှင့်တင်ရန်ပါသဘောတူညီခဲ့ကြသည်။

“အခြားမိတ်ဆွေတွေ အားလုံးရဲ့ဆက်ဆံ‌ရေးလိုပဲ အတက်အကျတွေ ကြုံခဲ့ရပါတယ်” ဟု ပြင်သစ်ကာကွယ်ရေး ဝန်ကြီး Lecornu က နှစ်နိုင်ငံဆက်ဆံရေး နှင့် ပတ်သက်၍ပြောကြားခဲ့သည်။

Source – အေပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here