အီးယူက ဂရိအပေါ် တုကီယေး၏ ရန်လိုသော မှတ်ချက်များနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောဆို

0
155

အီးယူက ဂရိအပေါ် တုကီယေး၏ ရန်လိုသော မှတ်ချက်များနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောဆို

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၆

ဥရောပသမဂ္ဂသည် တုကီယေးသမ္မတ တိုင်ရစ် အဲဒိုဝန်၏ ဂရိအပေါ် ပြောကြားခဲ့သည်များကို ရန်လိုသော မှတ်ချက်များ ဟုဆိုကာ ယင်းမှတ်ချက်များပေါ် စိုးရိမ်ကြောင်း စက်တင်ဘာလ ၅ ရက် တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုသို့ထုတ်ဖော်ပြောဆိုမှုသည် အဲဒိုဝန်က ဂရိသည် အေဂျီယံ ဒေသရှိ စစ်မဲ့ ကျွန်းစုများကို သိမ်းပိုက်ထားသည်ဟု စွပ်စွဲကာ တုကီယေးသည် အချိန်ကျလာသောအခါ လိုအပ်သည်များကို လုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နေတိုးအဖွဲ့ဝင်များ ဖြစ်ကြသည့် တုကီယေးနှင့် ဂရိတို့သည် သမိုင်းဝင် ပြိုင်ဘက်များ ဖြစ်ကြပြီး နှစ်နိုင်ငံ ပိုင်နက်ဆိုင်ရာ လေယာဉ်ပျံသန်းမှုများ၊ အေဂျီယံ ကျွန်းစုများ၏ အခြေအနေများမှ မြေထဲပင်လယ်ရှိ ရေကြောင်းနယ်နိမိတ်များနှင့် ဟိုက်ဒရိုကာဗွန်အရင်းအမြစ်များအထိ အစရှိသော ကိစ္စရပ်နှင့် စပ်လျဉ်း၍ တစ်နိုင်ငံနှင် တစ်နိုင်ငံကြား သဘောထားကွဲလွဲနေကြသည်။

“ဂရိအပေါ် တုကီ‌ေယးနိုင်ငံရေးခေါင်းဆောင်တွေရဲ့ စဉ်ဆက်မပြတ် ရန်လိုတဲ့ သဘောထားမှတ်ချက်တွေဟာ စိုးရိမ်မှုတွေ တိုးလာစေပြီး မြေထဲပင်လယ် အရှေ့ခြမ်းမှာ အရမ်းလိုအပ်နေတဲ့ တင်းမာမှု လျော့ချရေး ကြိုးပမ်းမှုတွေကို လုံးဝ ဆန့်ကျင်နေပါတယ်” ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘိုလ်ရယ်၏ ပြောရေးဆိုခွင့်ရှိသူ ပီတာ စတေနိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စတေနိုက မတူကွဲပြားမှုများကို အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အညီ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဥရောပသမဂ္ဂက တောင်းဆိုထားသည်များကို အလေးပေးဖော်ပြကာ ခြိမ်းခြောက်ခြင်းနှင့် ကြမ်းတမ်းသော စကားအသုံးအနှုန်းများကို လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် ရပ်တန့်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက အန်ကာရာသည် အေသင်အား စစ်မဲ့ အေဂျီယံ ကျွန်းစုများသို့ လက်နက်တပ်ဆင်ပေးနေသည်ဟု စွပ်စွဲခဲ့သော်လည်း အေသင်က ငြင်းဆိုခဲ့သည်။

အန်ကာရာက ၁၉၂၃ နှင့် ၁၉၄၇ စာချုပ်များတွင် ပါဝင်သော အေဂျီယံကျွန်းများသို့ လက်နက်ပေးပို့ တပ်ဆင်ခြင်းမပြုရဟူသော အခြေအနေများအရ အဆိုပါကျွန်းများကို ဂရိထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဂရိက တုကီယေး၏ ပြင်းထန်သော နေ့စဉ်ထုတ်ပြန်ချက်များနှင့် ခြိမ်းခြောက်မှုများအတိုင်း ၎င်းက လိုက်လံ ပြုလုပ်မည် မဟုတ်ဟု ပြောဆိုကာ တုံ့ပြန်ခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here