တာချီလိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်လျက်ရှိ

0
95

တာချီလိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်လျက်ရှိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် စက်တင်ဘာ ၅ ရက်ညဦးပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တာလော့ရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမှာလည်း မြင့်တက်လာခဲ့သဖြင့် ယခင် လပိုင်းအတွင်းကဖြစ်ပေါ်ခဲ့သည့် ရေကြီးနစ်မြုတ်မှုများကဲ့သို့ ထပ်မံဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

“မိုးရွာတော့ မယ်ဆိုင်ချောင်းရေပါပြန်ပြီးမြင့်တက်လာတာပေါ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ကတော့ အနည်းအကျဥ်းလိုသေးတယ် လိုအပ်တဲ့အကူအညီတွေပေးဖို့တော့ အသင့်ပြင်ဆင်ထားပါတယ်”ဟု တာချီလိတ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ရေဝင်ရောက်လျက်ရှိသည့် တာလော့ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ရေဝင်ရောက်မှုများပြားလာပါက ရေဘေးလွတ်ကင်းရာသို့ ယာယီရွှေ့ပြောင်းပေးသွားရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တာလော့ရပ်ကွက်ကရေဝင်နေတဲ့အိမ်ကလူတွေကို ဒီထက်ပိုပြီးရေဝင်လာရင် ရေဘေးလွတ်တဲ့ဆီပြောင်းပေးရမှာပေါ့ အခုကတော့စောင့်ကြည့်နေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here