ကိယက်ဗ်က ရုရှားတပ်များ သိမ်းပိုက်ထားသည့် မြို့အချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟုဆို

0
146

ကိယက်ဗ်က ရုရှားတပ်များ သိမ်းပိုက်ထားသည့် မြို့အချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟုဆို

ကိယက်ဗ်၊ စက်တင်ဘာ ၆

ရုရုားသည် ဂျာမနီနှင့် ဆက်သွယ်ထားသော ၎င်း၏ ပင်မဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်လိုက်သဖြင့် ဥရောပ၌ ဈေးကွက်စီးပွားရေး တဟုန်ထိုး ကျဆင်းနေချိန် ယူကရိန်းသည် တောင်ပိုင်းဒေသရှိ ရုရှားတပ်များကို တစ်ပတ်ကြာ တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း စက်တင်ဘာလ ၅ ရက် တနင်္လာနေ့တွင် အခိုင်အမာပြောဆိုခဲ့သည်။

ထိုးစစ်အသစ်နှင့် ပတ်သက်၍ ရက်ပေါင်းများစွာ နှုတ်ဆိတ်နေပြီးနောက် ယူကရိန်းအရာရှိများသည် အရေးအခင်း အစောပိုင်းကာလကတည်းက ရုရှားတို့သိမ်းပိုက်ထားသော တောင်ပိုင်းဒေသ ခါဆန် ပြည်နယ်ရှိ မြို့တစ်မြို့ပေါ်၌ စစ်သားသုံးဦး အလံလွှင့်တင်နေသည့်ပုံကို အွန်လိုင်းပေါ်တွင် တင်ခဲ့သည်။

သမ္မတ ဇလန်စကီးက ယူကရိန်းတပ်ဖွဲ့များသည် တောင်ပိုင်းဒေသတွင် မြို့နှစ်မြို့နှင့် အရှေ့ပိုင်းဒေသတွင် မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားစဉ် ခါဆန် ပြည်နယ် မြောက်ဘက် Vysokopylya မြို့ရှိ ခေါင်မိုးပေါ်၌ အလံလွှင့်တင်နေသည့် ပုံကိုထုတ်ပြန်ခဲ့သည်။

အရှေ့ပိုင်းဒေသများတွင် ရုရှားများ၏ အမြောက်များဖြင့် တိုက်ခိုက်ခြင်းကို လပေါင်းများစွာ ခံခဲ့ရပြီးနောက် ယူကရိန်းသည် ၎င်း၏ အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရသော တန်ပြန်တိုက်စစ်ဆင်မှုကို နောက်ဆုံးတွင် စတင်ခဲ့သည်။

အဆိုပါ တန်ပြန်တိုက်စစ်သည် မတ်လ၌ ကိယက်ဗ်မြို့ပြင်မှ ရုရှားတပ်များကို တွန်းလှန်ပြီးနောက် ပြုလုပ်ခဲ့သော အကြီးမားဆုံး ထိုးစစ်ဆင်မှုဖြစ်သည်။

ယူကရိန်းသည် သတင်းထောက်များကို ရှေ့တန်းသို့ သွားရောက် သတင်းယူခြင်းမှ တားမြစ်ခြင်းနှင့် ဗျူဟာမြောက် အငိုက်ဖမ်း တိုက်စစ်ဆင်ခြင်းနှင့် ပတ်သက်၍ မပေါက်ကြားစေရန် လူ သိရှင်ကြားပြောဆိုခြင်းကိုသိပ်မလုပ်ဘဲ ၎င်းတိုက်ပွဲစဉ်အသစ်၏ အသေးစိတ်အချက်အလက် အများစုကို ဖုံးဖိထားခဲ့သည်။

ရုရှားက ခါဆန်ပြည်နယ်တွင် ယူကရိန်းတပ်များ၏ ထိုးစစ်ဆင်မှုများကို ပြန်လည်တွန်းလှန်နေသည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ရုရှားသည် ယူကရိန်း၏ တန်ပြန်ထိုးစစ်များကို ရှားရှားပါပါး အသိအမှတ်ပြုသည့်အနေဖြင့် ၎င်းသိမ်းပိုက်ထားသည့် နယ်မြေများ ရုရှားနိုင်ငံသို့ ဝင်ရောက်နိုင်ရေးအတွက် ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲ အစီအစဉ်များကိုမူ လုံခြုံရေးအခြေအနေကြောင့် ဆိုင်းငံထားကြောင်း တပ်စ် သတင်းဌာနက အဆိုပါ ဒေသအတွင်း မော်စကိုမှ တာဝန်ချထားသော အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

တနင်္လာနေ့ ညနေခင်း သတင်းထုတ်ပြန်ချက်တစ်ခုတွင် ယူကရိန်း စစ်ဦးစီးအရာရှိချုပ်၏ လက်အောက်ခံ အရာရှိများက ၎င်း၏တပ်ဖွဲ့များသည် ခရာမာတာ့စ်မြို့ အနီးရှိ နယ်မြေတစ်ခုတွင် ရုရှားတပ်ဖွဲ့များကို ပြန်လည်မောင်းနှင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here