ယူအန်နှင့် မော်စကိုတို့ ရုရှား ၏စပါးနှင့် ဓာတ်မြေဩဇာ တင်ပို့‌ ရေးဆွေးနွေး

0
224

ယူအန်နှင့် မော်စကိုတို့ ရုရှား ၏စပါးနှင့် ဓာတ်မြေဩဇာ တင်ပို့‌ ရေးဆွေးနွေး

ကုလသမဂ္ဂ၊ စက်တင်ဘာ ၈

ကုလသမဂ္ဂနှင့် ရုရှားမှ အကြီးတန်း အရာရှိများသည် ဆန်စပါးနှင့် ဓာတ်မြေဩဇာ တင်ပို့မှုနှင့် ပတ်သက်၍ ရုရှား၏ မကျေနပ်ကြောင်းပြောကြားချက်များကို ဆွေးနွေးရန် စက်တင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ဂျီနီဗာမြို့၌ တွေ့ဆုံခဲ့သည်။

ရုရှားနှင့် ယူကရိန်း ကုန်ပစ္စည်းများ၏ တင်ပို့မှုကို မြှင့်တင်ရန် ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးထားသော်လည်း အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများသည် ၎င်း၏ ဆန်စပါးနှင့် ဓာတ်မြေဩဇာ တင်ပို့မှုကို အဟန့်အတားဖြစ်စေခဲ့သည်ဟု ရုရှားက တိုင်ကြားပြီးနောက် အဆိုပါ ဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကုလသမဂ္ဂ အကြီးတန်း ကုန်သွယ်ရေး အရာရှိ ရေဗက္ကာ ဂရင်းစပန်း သည် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂေး ဗျက်ရှီးအင်း နှင့် ဗုဒ္ဓဟူးနေ့က ဂျီနီဗာတွင် အပြုသဘောဆောင်သော ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောကြားခဲ့သည်။

“ဆွေးနွေးမှုတွေကို အပြုသဘောဆောင်ပြီး ပရော်ဖက်ရှင်နယ်ကျကျ ဆက်လက် လုပ်ဆောင်နေပါတယ်၊ ဖြေရှင်းရမယ့် ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိနေပေမယ့်လို့ ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေရဲ့ အသေးစိတ်ကိုတော့ ကျွန်တော်ပြောမှာ မဟုတ်ပါဘူး” ၎င်းက ဆိုသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လားရော့ဗ် က ရုရှားနိုင်ငံမှ စပါးနှင့် ဓာတ်မြေသြဇာများကို ကမ္ဘာ့ဈေးကွက်သို့ လွတ်လပ်စွာ ပို့ဆောင်ခွင့်ကို တားဆီးနေသည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပိတ်ဆို့မှုများကို ဖယ်ရှားရန် အင်္ဂါနေ့တွင် တောင်းဆိုခဲ့သည်။

မော်စကို၏ တောင်းဆိုချက်များသည် ပင်လယ်နက်ကိုဖြတ်ကျော်၍ ယူကရိန်းစပါး တင်ပို့မှုကို ခွင်ပြုထားသော ကနဦး ရက်ပေါင်း ၁၂၀ ကြာ သဘောတူညီချက်အား သက်တမ်းတိုးရန် ရည်ရွယ်ထားသော ဆွေးနွေးမှုများမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ ယူကရိန်း အရေးအခင်းကြောင့် ပိုမိုဆိုးရွားလာသော ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ကျပ်တည်းမှုကို ဖြေလျော့ရန်အတွက်ဖြစ်သည်။

ရုရှားသမ္မတ ပူတင်က ထိုသဘောတူညီချက်သည် ဆင်းရဲသောနိုင်ငံများထက် ဥရောပသမဂ္ဂနှင့် တုကီယေးနိုင်ငံများထံသို့သာ စပါး၊ အခြား အစားအစာနှင့် မြေဩဇာများ ပေးပို့နေခြင်းဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂကလည်း အဆိုပါ ပို့ကုန်သဘောတူညီချက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘောတူညီချက်မဟုတ်ဘဲ ကမ္ဘာ့ဈေးကွက်အတွက် ရည်ရွယ်သော စီးပွားဖြစ်လုပ်ငန်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here