မြောက်ကိုရီးယားက နျူလက်နက်ဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ ဥပဒေသစ် ထုတ်ပြန်

0
111

မြောက်ကိုရီးယားက နျူလက်နက်ဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ ဥပဒေသစ် ထုတ်ပြန်

ဆိုးလ်၊ စက်တင်ဘာ ၉

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက်ဆိုင်ရာ မူဝါဒများကို တရားဝင်အတည်ပြုပေးသည့် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ကြောင်း စက်တင်ဘာ ၉ ရက် သောကြာနေ့တွင် နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြခဲ့သည်။

ကင်မ်ဂျုံအန်းက အဆိုပါ ဥပဒေသစ်သည် နျူလက်နက်ပိုင်ဆိုင်သော နိုင်ငံအဖြစ် တည်ရှိနေသော ၎င်းနိုင်ငံ၏ လက်ရှိအခြေအနေကို ပြောင်းလဲ၍မရနိုင်အောင် ပြုလုပ်ထားပြီး နျူလက်နက်ဖျက်သိမ်းရေး ညှိနှိုင်းမှု မှန်သမျှကိုလည်း တားမြစ်ထားသည် ဟုဆိုသည်။

၂၀၁၈ ခုနှစ်၌ ပြုလုပ်ခဲ့သော သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲများတွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် အခြားသော ကမ္ဘာ့ခေါင်းဆောင်များသည် ကင်မ်အား ၎င်း၏ နျူလက်နက်တီထွင်မှုကို စွန့်လွှတ်ရန် ဖျောင်းဖျခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

ထို့နောက် နျူလက်နက်ဖျက်သိမ်းမှု ဆွေးနွေးပွဲများ ရပ်တန့်နေစဉ် မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံးအကြိမ် နျူစမ်းသပ်မှု ပြန်လည်စတင်ရန် ပြင်ဆင်နေပုံရသည်ဟု လေ့လာသူများက သုံးသပ်ပြောကြားပြီးနောက်ပိုင်း ယင်းကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ ဥပဒေပြုအဖွဲ့ဖြစ်သော ပြည်သူ့ လွှတ်တော် သည် ကြာသပတေးနေ့(မနေ့)တွင် အထက်ပါဥပဒေကို အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန ကေစီအန်အေ က ဖော်ပြခဲ့သည်။

အဆိုပါ ဥပဒေသည် အခြားနိုင်ငံတစ်ခုက ပြုံယမ်းအပေါ် ခြိမ်းခြောက်လာသောအခါ မြောက်ကိုရီးယားသည် မိမိကိုယ်ကိုမိမိကြိုတင်ကာကွယ်သည့်အနေဖြင့် နျူကလီးယားတိုက်ခိုက်မှုကို အလိုအလျောက်လုပ်ဆောင်နိုင်စေကာ ရန်လိုသော တပ်များကို ချက်ခြင်းဖျက်ဆီးနိုင်စေရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကေစီအန်အေ က ပြောကြားခဲ့သည်။

“နျူလက်နက်မူဝါဒကို ဥပဒေပြုလိုက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်ပြီး ထပ်ပြီး ညှိနှိုင်းတာတွေ ပြုလုပ်လို့ မရစေဖို့ အတွက်ဖြစ်ပါတယ်” ဟု ကင်မ်က ပြည်သူ့လွှတ်တော်သို့ မိန်းခွန်းခြွေရာတွင် ပြောကြားခဲ့သည်။

နျူလက်နက်နှင့် ပတ်သက်သော အချက်အလက်များနှင့် နည်းပညာများအား အခြားနိုင်ငံများနှင့် မျှဝေခြင်းကိုပါ အဆိုပါ ဥပဒေက တားမြစ်ပိတ်ပင်ထားကြောင်း သိရသည်။

အမေရိကသည် ကင်မ်နှင့် အချိန်မရွေး နေရာမရွေး တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကလည်း နျူလက်နက်ဖျက်သိမ်းပေးပါက ၎င်း၏တိုင်းပြည်သည် ပြုံယမ်းအား စီးပွားရေးဆိုင်ရာ အကူအညီများစွာ ပေးသွားမည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် မြောက်ကိုရီးယားက အမေရိကအား ရန်လိုသည့် နိုင်ငံအနေဖြင့် စွပ်စွဲထားပြီး ယွန်း၏ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့သည်။

Source: CNA/Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here