ထိုင်းနိုင်ငံတွင်ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် ထောင်ဒဏ် ၂၅ နှစ် ကျခံရမည့် အခြေအနေမှ မြန်မာအမျိုးသမီး၂ ဦး လွတ်မြောက်

0
217

ထိုင်းနိုင်ငံတွင်ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် ထောင်ဒဏ် ၂၅ နှစ် ကျခံရမည့် အခြေအနေမှ မြန်မာအမျိုးသမီး၂ ဦး လွတ်မြောက်

ထိုင်းနိုင်ငံတွင်ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် ထောင်ဒဏ် ၂၅ နှစ် ကျခံရမည့် အခြေအနေမှ မြန်မာအမျိုးသမီး၂ ဦး လွတ်မြောက်သွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက ယနေ့ စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဝေယံထူးအေဂျင်စီအတုမှ လေကြောင်းလိုင်းဖြင့် ပို့ဆောင်ခြင်းခံရသော မသန်းယုမေ၊ မဖြိုးဇာဝေ၊ မလင်းလင်းဝေ၊ မခင်ယုမေတို့သည် ထိုင်းနိုင်ငံ လေဆိပ် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးသည့် ကောင်တာတွင် Show Money အဖြစ် ဒေါ်လာအတုပြသမှုဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် စမုပရာကန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး အကျဉ်းကျကာ အမှုရင်ဆိုင်ခဲ့ရသည်။

ထိုသို့အကျဉ်းကျပြီး မြန်မာပြည်ရှိ မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကာ ၂၀၂၂ ခုနှစ် ‌ဧပြီလ ၈ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက ဖြစ်စဉ်ကို သိရ၍ ထိုင်းရှေ့နေများ၏ အကူအညီဖြင့် မသန်းယုမေ၊ မဖြိုးဇာဝေ ၂ ဦးအား ဒဏ်ငွေနှင့် အကျယ်ချုပ်/ပြည်နှင်ဒဏ်အဖြစ် ၂ နှစ် ၆ လ ချမှတ်ထားခြင်းမှ သတ်မှတ်ဒဏ်ကြေး ပေးဆောင်၍ စမုပရာကန်အကျဉ်းထောင်-ဗန်ကောက်ဒုက္ခသည်စခန်းတို့မှ ကယ်ယူနိုင်ခဲ့ပြီး လိုအပ်သော ခရီးစရိတ်များ ထောက်ပံ့ကာ မေလ ၃၀ ရက်တွင် မဲဆောက် နယ်စပ်မှ တစ်ဆင့် မြဝတီသို့ ပို့ဆောင်နိုင်ခဲ့သည်။

မလင်းလင်းဝေ၊ မခင်ယုမေတို့  ၂ ဦးမှာမူ ဒေါ်လာလက်ဝယ်ထားရှိမှုအပြင် ကိုယ်တိုင်ထုတ်လုပ်သူအဖြစ်ပါ စွဲချက်တင်ခဲ့ရသည့်အတွက် မြန်မာရှေ့နေ၊ ထိုင်းရှေ့နေများ၏ အကူအညီရယူ၍ ပြစ်ဒဏ်လျော့နည်းစေရေး ဆက်လက်ကြိုပမ်းခဲ့မှုနှင့် ချေပနိုင်ခဲ့မှုတို့ကြောင့် ထောင်ဒဏ် ၂၅ နှစ် ကျခံရမည့် အခြေအနေမှ လွတ်မြောက်သွားခဲ့သည့်အတွက် ယင်းတို့နှစ်ဦးကို လုပ်ထုံးလုပ်နည်းနှင့် အညီ နေရပ်ပြန်နိုင်ရေး ဆက်လက်ကူညီပေးသွားမည်ဟု သိရသည်။

ပုံစာ –   ဒဏ်ငွေနှင့် အကျယ်ချုပ်/ပြည်နှင်ဒဏ်အဖြစ် ၂ နှစ် ၆ လ ချမှတ်ထားခြင်းမှ သတ်မှတ်ဒဏ်ကြေး ပေးဆောင်၍ စမုပရာကန်အကျဉ်းထောင်-ဗန်ကောက်ဒုက္ခသည်စခန်းတို့မှ ယခုနှစ် မေလ က ကယ်ယူနိုင်ခဲ့သည် မသန်းယုမေ နှင့် မဖြိုးဇာဝေ

 


LEAVE A REPLY

Please enter your comment!
Please enter your name here