နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေဖို့ ဂျပန်နှင့်အိန္ဒိယပိုမိုစစ်ရေးလေ့ကျင့်မည်

0
200

နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေဖို့ ဂျပန်နှင့်အိန္ဒိယပိုမိုစစ်ရေးလေ့ကျင့်မည်

တိုကျို၊စက်တင်ဘာ ၈

အိန္ဒိယနှင့်ဂျပန်တို့သည် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး အိန္ဒိယသည် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကာ သက်ဆိုင်ရာလေတပ်များပါဝင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန်လည်း စီစဉ်ထားကြောင်းနှစ်ဘက်စလုံးက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ၏ ဆွေးနွေးပွဲမတိုင်မီ အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ဂျပန်ကာကွယ်ရေးဝန်ကြီး Yasukazu Hamada နှင့် တိုကျိုတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။


“အိန္ဒိယရဲ့ကာကွယ်ရေးဆိုင်ရာနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်စက်မှုလုပ်ငန်းများကို ဖိတ်ခေါ်ခဲ့ပါတယ်” ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့သည်။

အဆိုပါအစောပိုင်း တိုက်လေယာဉ် လေ့ကျင့်မှုသည် နှစ်နိုင်ငံလေတပ်များ အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှု အတွက် လမ်းခင်းပေးမည်ဖြစ်သည်ဟု ဝန်ကြီးနှစ်ဦးက သဘောတူလက်ခံခဲ့ကြသည်။

ဂျပန်ကဲ့သို့ပင်အိန္ဒိယသည်လည်း လုံခြုံရေး ခြိမ်းခြောက်မှုတိုးလာသည်ကို ကိုင်တွယ်ရန် ၎င်း၏ စစ်တပ်ကိုအားကောင်းအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။နှစ်နိုင်ငံစလုံးသည် တရုတ်နိုင်ငံ၏ ကြီးထွားလာသော စစ်အင်အားနှင့် အားကောင်းလာမှုကို ပိုမိုသတိရှိနေကြခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါက ကာကွယ်ရေးအသုံးစရိတ်ကို “သိသိသာသာ” တိုးမည်ဟုကတိပြုခဲ့သည်။ရုရှား၏ ယူကရိန်းသို့ကျူးကျော်မှုကဲ့သို့ပင် တရုတ်မှထိုင်ဝမ်သို့ အလားတူကျူးကျော်မှုမျိုးပြုလုပ်လာနိုင်သည်ကိုစိုးရိမ်နေသဖြင့် ဝန်ကြီးချုပ်ကီရှီဒါ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံ့ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်လိုကြကြောင်းဆိုသည်။


ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီကမူ ၎င်းတို့နှစ်ဖက်စလုံးအနေဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရာ၌ အင်အားသုံးခြင်းကိုရှုံ့ချကြောင်း နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ရှိပြီးသားအနေအထားကို အင်အားသုံး ပြီး တစ်ဖက်သတ်ပြောင်းလဲခြင်းကို ဘယ်အရပ်ဒေသမှာမှ သည်းခံနိုင်စရာမရှိဘူးဆိုတာ ကျွန်ုပ်တို့သဘောတူပါတယ်” ဟု ဟာယာရှီက ပြောကြားခဲ့သည်။

လူကဖန်တီးထား‌ သောကျွန်းများတွင် စစ်စခန်းများ ထူထောင်ထားသည့် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်၏ စွမ်းအင်ကြွယ်ဝသော ရေပိုင်နက်အားလုံးကိုတောင်းဆိုထားသည်။အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်အုပ်ချုပ်သည့် လူမနေသောကျွန်းငယ်အုပ်စုကိုလည်း တောင်းဆိုထားသည်။

ပြီးခဲ့သည့်အပတ်က ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကို တပ်‌ေတာ်ဝင်ခဲ့သည့် အိန္ဒိယသည် ၎င်းတို့၏ ဝေးလံသောဟိမဝန္တာနယ်စပ်ရှိ တရုတ်တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့မှုတွင် ပါဝင်ခဲ့သည်။

“ဂျပန်နှင့်အိန္ဒိယအကြား ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်ဖြင့် တိုးချဲ့နေကြောင်းအတည်ပြုခဲ့ပြီး နှစ်နိုင်ငံဘက်ပေါင်းစုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့သည်” ဟု ဟာယာရှီကပြောကြားခဲ့သည်။

ဂျပန်နှင့် အိန္ဒိယတို့သည် သြစတြေးလျနှင့် အမေရိကန်တို့နှင့်အတူ အင်ဒို – ပစိဖိတ်ဒေသတစ်လျှောက် နှစ်စဉ်ရေတပ်လေ့ကျင့်မှုပြုလုပ်သည့် Quad နိုင်ငံများအဖွဲ့၏အဖွဲ့ဝင်များဖြစ်သည်။

မေလက ဂျပန်တွင် Quad ခေါင်းဆောင်များ၏ နောက်ဆုံးတွေ့ဆုံမှုအစည်းအ‌ဝေး၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်အားဒေါသထွက်ကာ ဒီမိုကရေစီကျွန်းစုကို ကာကွယ်ရန်အင်အားသုံးမည်ဟု ပြောဆိုပြီးနောက် အဆိုပါတွေ့ဆုံမှုတွင် ထိုင်ဝမ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများသာလွှမ်းမိုးခဲ့သည်။Quad အဖွဲ့ ထိုသို့‌တွေ့ဆုံဆွေးနွေး‌‌နေစဉ် ရုရှားနှင့်တရုတ်စစ်လေယာဉ်များက ဒေသတွင်း၌ပူးတွဲကင်းလှည့်မှုပြုလုပ်ခဲ့ကြသည်။

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနှင့် အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့သည် လွတ်လပ်၍ပွင့်လင်းသော အင်ဒို – ပစိဖိတ်ဒေသကိုမြှင့်တင်ရန် အတူတကွနီးကပ်စွာ လုပ်ဆောင်မည်ဟု တွေ့ဆုံစဉ်အချိန်က သဘောတူညီခဲ့ကြသည်။

Source -Reuters/vc


LEAVE A REPLY

Please enter your comment!
Please enter your name here