အာရှ ယူ-၂၀ ခြေစစ်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

0
199

အာရှ ယူ-၂၀ ခြေစစ်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) ပြိုင်ပွဲ​အုပ်စု(က) တတိယ ပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်း နှင့် အိမ်ရှင် ဆော်ဒီအာရေဗျယူ-၂၀ အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ -၂၀ အသင်း ရှံးနိမ့်ခဲ့သည့်အတွက် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။

မြန်မာ ယူ -၂၀ အသင်း နှင့် အိမ်ရှင် ဆော်ဒီအာရေဗျယူ-၂၀ အသင်းတို့သည် စက်တင်ဘာ ၁၇ ရက်၊ မြန်မာစံတော်ချိန်နံနက် ၁ နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဆော်ဒီအာရေဗျ ယူ-၂၀ အသင်းက (၅-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဟိန်းထက်စိုး (ဂိုး)၊ လာဘ်ဝေဘုန်း၊ ခိုးသန်းဇော်၊ လန်းဆန်းအောင်၊ ကောင်းထက်ပိုင်၊ ဇော်ဝင်းသိန်း၊ စောသန်းကိုသန်း၊ ရဲရင့်ဖြိုး၊ သန်းတိုးအောင်၊ ဉက္ကာနိုင်၊ စွမ်းထက်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဆော်ဒီအာရေဗျအသင်းကို အကောင်းဆုံး ရင်ဆိုင်ခဲ့သော်လည်း ပွဲချိန် ပထမပိုင်းမှာပင် (၄) ဂိုး ပေးခဲ့ရသည်။

အာရှအင်အားကြီးအသင်းတစ်သင်းဖြစ်သည့် ဆော်ဒီအာရေဗျအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၇မိနစ်နှင့် ၄၅ မိနစ်(ပင်) တို့တွင် Radif ၊ ပွဲချိန် ၂၄ မိနစ်တွင် Al-Najdi ၊ ပွဲချိန် ၃၅ မိနစ်တွင် Al-Oyayri နှင့် ပွဲချိန် ၈၃ မိနစ်တွင် Al-Juwayr တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၃-၁)၊ ဥဇဘက်ကစ္စတန်အသင်းနှင့်ကစားရာ (၃-၀)၊ ဆော်ဒီအာရေဗျအသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၅-၀) တို့ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် အုပ်စုအဆင့်ဖြင့်သာကျေနပ်ခဲ့ရပြီး ခြေစစ်ပွဲစဉ်တွင် နောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို အသင်းပေါင်း (၄၄)သင်းက အုပ်စု ၁၀စုခွဲ၍ ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ပြီး အုပ်စု (၁၀) စုမှ အုပ်စုပထမ (၁၀) သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၅) သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here