ထိုင်းတွင် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံရ၊ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသူ ၂ ဦးတွေ့

0
183

ထိုင်းတွင် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံရ၊ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသူ ၂ ဦးတွေ့

ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်၊ထောင်ဖာဖူမိမြို့တွင် စက်တင်ဘာ ၁၇ ရက်က ကုန်တင်ကားဖြင့်တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသည့် ကုန်တင်ကားအား ထောင်ဖာဖူမိမြို့တာဝန်ရှိသူများက စစ်ဆေးရန်တားဆီးစဥ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများကလိုက်လံဖမ်းဆီးပြီးနောက် ကားအားစစ်ဆေးရာ ကုန်ပစ္စည်းတင်သည့်နေရာ၌ လိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးနှင့်အမျိုးသမီး ၄ ဦး(စုစုပေါင်း ၁၅ ဦး)အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ရတ်ချဘူရီခရိုင်နှင့်ချွန်ဖော်ခရိုင်တို့၌ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကာ ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးချေခဲ့ရကြောင်း သိရသည်။

ထို့ပြင် ထိုင်းကျန်းမာရေးဝန်ထမ်းများက ဖမ်းဆီးရမိသူများအား ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရခြင်း ရှိ၊မရှိစစ်ဆေးရာ ၂ ဦးတွင် ကူးစက်ခံထားရကြောင်း စစ်ဆေးသိရှိရသဖြင့် Quarantine Centre သို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အလားတူ ကျန်ရှိသည့် ၁၃ ဦးနှင့်၎င်းတို့အား ကုန်တင်ကားဖြင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားတို့အား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ထောင်ဖာဖူမိမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here