ရေကြည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၈ လုံးပျက် စီးခဲ့

0
118

ရေကြည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၈ လုံးပျက် စီးခဲ့

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊မကျီးလဟာကျေးရွာအုပ်စုတွင် စက်တင်ဘာ ၁၉ ရက်(ယနေ့) နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေ ပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၈ လုံးပျက်စီး ဆုံးရှုံးခဲ့သည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

မကျီးလဟာကျေးရွာအုပ်စုအတွင်း၌ မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နံနက် ၈ နာရီခွဲခန့်တွင် နေအိမ် ၄ လုံးပြိုကျပျက် စီးခဲ့ပြီး နေအိမ် ၄ လုံး၏အမိုးများလည်း လန်၍ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြိုကျပျက်စီးသွားသည့် နေအိမ်များနှင့်အမိုးလန်ပျက်စီးသွားသည့် နေအိမ်များ၌ နေ ထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်တာဝန်ရှိသူများက ဝိုင်းဝန်းကူညီပေးလျက်ရှိကြောင်း သိရသည်။

“လတ်တလောကတော့ အိမ်တွေပြန်ဆောက်မပြီးခင် သူတို့တွေရဲ့အမျိုးတွေ ညီအကိုမောင်နှမတွေအိမ်တွေကို ပြောင်းရွှေ့ပေးထားရတယ် အိမ် ၄ လုံးက အကုန်လုံးကိုပြိုကျသွားတာ ကျန်တဲ့ ၄ လုံးကလည်း အမိုးလန်သွားတယ် လေတိုက်ချက်ကကြမ်းတယ်ဗျ”ဟု ဝိုင်းဝန်းကူညီရွှေ့ပြောင်းပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ပြိုကျပျက်စီးသွားသည့် နေအိမ် ၄ လုံးမှာ ဦးသိန်းမြင့်ဦး(၄၅)နှစ်၊ ဦးကျော်ဇင်ငြိမ်း(၂၈)နှစ်၊ ဦးကျော်စိုး(၆၅)နှစ်၊ ဦးနိုင်လင်းစိုး(၂၅)နှစ်တို့၏ နေ အိမ်များဖြစ်ကာ ဦးဝင်းနိုင်(၅၀)နှစ်၊ ဦးမြင့်ရွှေ (၅၅)နှစ်၊ ဦးသန်းဇော်ဦး(၄၈)နှစ်၊ ဦးဝင်းကြိုင် (၄၆)နှစ်တို့၏နေအိမ်များမှာ အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်ကြောင့် လူနှင့်တိရစ္ဆာန်များ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိခြင်းများ မရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here