ဗန်းမော်မြို့ “နန်း‌တော်ဦး”ဖုန်းဆိုင်တွင်သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀ ကျော်နှင့်တရုတ်ယွမ်ငွေ ၇၀၀၀ အား လုယက်ယူဆောင်သွား

0
195

ဗန်းမော်မြို့ “နန်း‌တော်ဦး”ဖုန်းဆိုင်တွင်သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀ ကျော်နှင့်တရုတ်ယွမ်ငွေ ၇၀၀၀ အား လုယက်ယူဆောင်သွား

ကချင်ပြည်နယ်၊ဗန်းမော်မြို့၊သာစည်ရပ်ကွက်ဗလမင်းထင်လမ်းရှိ “နန်းတော်ဦး”ဖုန်းနှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၌ စက်တင်ဘာ ၂၅ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲခန့်က Mask တပ်ကာဦးထုတ်ဆောင်းထားသည့် ဆိုင်ကယ်စီးလာသော အသက်(၃၀)နှစ်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးသည် “နန်းတော်ဦး”ဆိုင်သို့ရောက်ရှိလာပြီးနောက် ၎င်းထံတွင်ရှိသည့် တရုတ်ယွမ်ငွေ ၇၀၀၀ ဖြင့် မြန်မာငွေလဲလှယ်လိုသည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူမှ ယင်း တရုတ်ယွမ်ငွေနှင့်ညီမျှသည့် မြန်မာငွေကျပ်သိန်း ၃၀ ကျော်အား စားပွဲပေါ်သို့တင်လိုက်ရာ အဆိုပါလအမည်မသိအမျိုးသားက သေနတ်ပြခြိမ်းခြောက်၍ ငွေများအား ကျောပိုးအိတ်အတွင်းထည့်ခိုင်းသဖြင့် ယင်းငွေများအပြင် ကောင်တာအတွင်းရှိ မြန်မာငွေကျပ်သိန်း ၄၀ ခန့်နှင့်တရုတ်ယွမ်ငွေ ၇၀၀၀ ကိုလည်းထပ်မံထည့်ပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ ထည့်ပေးပြီးနောက် အမည်မသိအမျိုးသားသည် ကျောပိုးအိတ်အားယူဆောင်၍ ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဗန်းမော်မြို့မရဲစခန်းက(ပ)၁၈၉/၂၀၂၂ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here