ရွှေကူမြို့၌ ရောက်ရှိနေသည့် စစ်ဘေးရှောင်နေသူများအတွက် အရေးပေါ်အကူအညီများလိုအပ်နေ

0
166

ရွှေကူမြို့၌ ရောက်ရှိနေသည့် စစ်ဘေးရှောင်နေသူများအတွက် အရေးပေါ်အကူအညီများလိုအပ်နေ

ကချင်ပြည်နယ်၊ရွှေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင် ၄၅၀ ဦးကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ရွှေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ရွှေကူမြို့နယ်၊မိုးစစ်ကျေးရွာ၌ နေထိုင်သူများဖြစ်ကာ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ဒေသခံအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့်ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေတို့ကြောင့် ရောက်ရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိကတော့ စစ်ဘေးရှောင်တွေကို ဘုန်းကြီးကျောင်းတွေမှာထားပေးထားပြီး စားသောက်ဖို့အတွက်ကတော့ အဆင်ပြေသလိုစီစဥ်ပေးနေရတာပေါ့ ပြည့်စုံမှုတော့မရှိဘူး”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

ထို့ကြောင့် စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့်အဝတ်အထည်၊စောင်၊ခြင်ထောင်များ အရေးပေါ်လိုအပ်လျက်ရှိကာ ဆေးဝါးပစ္စည်းများလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။

“တစ်ချို့စစ်ဘေးရှောင်တွေဆိုရင် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာရတော့ လဲစရာအဝတ်တောင်မရှိကြဘူး အစားအသောက်ဆိုရင်လည်း သယ်မလာနိုင်ကြတဲ့အတွက် အရေးတကြီးလိုအပ်နေတာပေါ့ဗျာ နောက် ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေလည်းပါတော့ ဆေးဝါးပစ္စည်းကလည်း မဖြစ်မနေလိုတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

ထိုသို့ အရေးပေါ်အကူအညီလိုအပ်နေမှုများအား လူမှုကူညီရေးအသင်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသော်လည်း လုံလောက်မှုမရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ စစ်ဘေးရှောင် ၄၆၉ ဦးသည် ရွှေကူမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်း၌ ရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here