ပြည်ပနေနိုင်ငံသား၏ လစာဝင်ငွေကို ဝင်ငွေရလမ်းအဖြစ် အသုံးပြုရာတွင် တင်ပြရမည့် အထောက်အထားများကို ပြည်တွင်းအခွန်များဦးစီးဌာန ထုတ်ပြန်

0
462

ပြည်ပနေနိုင်ငံသား၏ လစာဝင်ငွေကို ဝင်ငွေရလမ်းအဖြစ် အသုံးပြုရာတွင် တင်ပြရမည့် အထောက်အထားများကို ပြည်တွင်းအခွန်များဦးစီးဌာန ထုတ်ပြန်

ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသည့်လစာဝင်ငွေကို ဝင်ငွေရလမ်းအဖြစ် အသုံးပြုရာတွင် တင်ပြရမည့် အထောက်အထားများကို ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။

ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့်ရရှိသော လစာဝင်ငွေသည် နှစ်စဉ်ပြဋ္ဌာန်းသော ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိပါသည်။ လစာခေါင်းစဉ်မှဝင်ငွေတွင် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်ရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့ပါဝင်သည်ဟုဆိုသည်။

ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာမှဝင်ငွေကို ပြည်တွင်းသို့ လွှဲပြောင်း၍ ပြည်တွင်း၌ မော်တော်ယာဉ်၊ အိမ်၊ ခြံ၊ မြေ စသည့်အခြေခံပစ္စည်းများ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် အစုရှယ်ယာများဝယ်ယူ၊ ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းတို့ကို ဆောင်ရွက်ရာတွင်တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေခွန်ထပ်မံပေး ဆောင်ရန်မလိုသည့် အခွန်ဆိုင်ရာ အကျိုးခံစားခွင့်ကို ခံစားရရှိမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့ရာတွင် ပြည်ပနေနိုင်ငံသား၏ ပြည်တွင်းသို့ လွှဲပြောင်းသည့်လစာငွေများသည် အောက်ပါအချက်များနှင့် ကိုက်ညီမှသာအခွန်ဆိုင်ရာ အကျိုးခံစားခွင့်ကို ရရှိမည်ဟု သိရသည်။

(က) ပြည်နေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်မှ ဝင်ငွေဖြစ်ခြင်း (၁) နိုင်ငံကူးလက်မှတ် (မိတ္တူ)၊

(၂) လစာဝင်ငွေရရှိခြင်းအထောက်အထား (မူရင်း) သို့မဟုတ် အခွန်ထမ်းဆောင်ထားသည့် အထောက်အထား (မူရင်း)၊

(၃) အလုပ်လုပ်သည့်ကာလဆိုင်ရာ အထောက်အထား (မူရင်း)၊

(၄) ဆိုင်ရာကုမ္ပဏီက တရားဝင်ထုတ်ပေးသည့် လစာထုတ်ပေးမှုမှတ်တမ်း (မူရင်း)တိို့ ဖော်ပြရမည်ဟုဆိုသည်။

(ခ) ပြည်တွင်းသို့ လွှဲပြောင်းပေးပို့ရာတွင် ဘဏ် (သို့မဟုတ်)တရားဝင်ငွေလွှဲခွင့် လိုင်စင်ရရှိထားသည့် လုပ်ငန်းများမှတစ်ဆင့် လွှဲပို့မှုဖြစ်ခြင်း (သို့မဟုတ်) ကာယကံရှင်ကိုယ်တိုင် ပြည်ပမှ ပြန်လာစဉ် တစ်ပါတည်း ယူဆောင်ခဲ့ခြင်းများအတွက်

(၁) ငွေလွှဲပြောင်းပေးပို့ရာတွင် ဘဏ် (သို့မဟုတ်) တရားဝင်ငွေလွဲခွင့်လိုင်စင် ရရှိထားသည့် လုပ်ငန်းများမှတဆင့် လွှဲပို့မှုဖြစ်ပါက ယင်းလုပ်ငန်းများမှ ထုတ်ပေးသည့် ငွေလွှဲပို့မှုမှတ်တမ်း၊

(၂) ကာယကံရှင်ကိုယ်တိုင် ပြည်ပမှ ပြန်လာစဉ် တစ်ပါတည်း ယူဆောင်ခဲ့ခြင်းဖြစ်ပါက တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများတွင် ငွေလဲလှယ်ထားသည့် အထောက်အထားနှင့် လေဆိပ်တွင် ကြေညာထားသည့် အထောက်အထား စသည်တို့ကို ဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။

(ဂ) အထက်ပါ အပိုဒ်ခွဲ (က)နှင့် (ခ) ပါအချက်များအတွက် သက်ဆိုင်သည့် အထောက်အထားများကိုလည်း ပြည့်စုံစွာတင်ပြနိုင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်ပတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရရှိသော လစာဝင်ငွေအပေါ် အခွန်ဆိုင်ရာအကျိုးခံစားခွင့်များကို အပြည့်အဝေခံစားနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ငွေလွှဲပြောင်းမည်ဆိုပါက ဘဏ်(သို့မဟုတ် )တရားဝင် ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် လုပ်ငန်းမှတစ်ဆင့် လွှဲပြောင်းပေးပို့ကြရန် အသိပေးထားသည်။

ကာယကံရှင်ကိုယ်တိုင် ပြည်ပမှပြန်လာစဉ် တစ်ပါတည်းယူဆောင်ခဲ့ခြင်းဖြစ်ပါက တရားဝင်နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများတွင် လဲလှယ်ရန်နှင့် လေဆိပ်တွင် ကြေညာသည့် အထောက်အထားနှင့် သက်ဆိုင်ရာအထောက်အထားများကို စနစ်တကျသိမ်းဆည်းကြရန် အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here