ကောလဟလများထွက်ခဲ့ပြီးနောက် တရုတ်သမ္မတရှီနိုင်ငံပိုင်ရုပ်သံလိုင်းမှာပြည်သူရှေ့ပြန်ထွက်လာ

0
136

ကောလဟလများထွက်ခဲ့ပြီးနောက် တရုတ်သမ္မတရှီနိုင်ငံပိုင်ရုပ်သံလိုင်းမှာပြည်သူရှေ့ပြန်ထွက်လာ

ပေကျင်း၊စက်တင်ဘာ ၂၇

တရုတ်သမ္မတရှီသည် လူထုမြင်ကွင်းမှရက်အတော်ကြာကွယ်ပျောက်သွားခဲ့သဖြင့် ၎င်း၏နိုင်ငံရေးကံကြမ္မာနှင့်ပတ်သက်၍ ကောလဟလသတင်းများလည်းထွက်ပေါ်ခဲ့ပြီးနောက် စက်တင်ဘာ ၂၇ ရက် အင်္ဂါနေ့ကနိုင်ငံပိုင်ရုပ်မြင်သံကြား၌ ပြည်သူရှေ့ပြန်ပေါ်လာခဲ့သည်။သမ္မတသည် ပေကျင်းပြပွဲခန်းမတွင် ခင်းကျင်းပြသထားသည်များကို လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်လီခါ့ချန်နှင့်အခြားသော ထိပ်သီးခေါင်းဆောင်များနှင့်အတူ အာဏာရကွန်မြူနစ်ပါတီနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အကြီးအကဲလည်းဖြစ်သော ရှီသည်ပြပွဲရှိခင်းကျင်းပြသထားမှုကို ကြည့်ရှုခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ် မှတ်ချက်ပေးခဲ့သည်။

ယခုပွဲသို့တက်ရောက်ခြင်းသည် ပြီးခဲ့သည့်သီတင်းပတ်က ဥဇဘတ်ကစ္စတန်နိုင်ငံ၌ကျင်းပသည့် ဒေသဆိုင်ရာထိပ်သီးအစည်းအဝေးမှပြန်လာပြီးနောက် သမ္မတရှီပထမဆုံးအကြိမ်အနေဖြင့် လူထုရှေ့ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ကပ်ရောဂါစည်းမျဉ်းများအရလည်း ခရီးမှပြန်လာပြီးနောက် သမ္မတရှီအနေဖြင့် ကွာရန်တင်းဝင်ရန်လည်းလိုအပ်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏စနစ်သည် သဘောထားကွဲလွဲမှုမှန်သမျှကို မဆုတ်မနစ်ဖြိုခွဲသည့်အာဏာရှင်စနစ်၏ သဘာဝအတိုင်းရှိနေသော်လည်း နိုင်ငံရေးအရတိုက်ခိုက်ခြင်းနှင့်အာဏာသိမ်းရန်ကြိုးပမ်းမှုကောလဟလများလည်းမကြာခဏထွက်ပေါ်လေ့ရှိသည်။

ရှီသည်ဆယ်စုနှစ်များစွာအတွင်း တရုတ်နိုင်ငံ၏ဩဇာအာဏာအရှိဆုံးခေါင်းဆောင်အဖြစ် ထင်ထင်ရှားရှားသတ်မှတ်ခံထားရသူတစ်ဦးဖြစ်သည်။ သူသည်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်များကို ဖယ်ရှားကာ ၎င်းဆန္ဒရှိသရွေ့အုပ်ချုပ်ခွင့်ရရှိအောင် ပြင်ဆင်ခဲ့သည်။

တရုတ်နိုင်ငံခေါင်းဆောင်များအတွက် ယင်းသို့ရက်အတော်ကြာ ပျောက်ကွယ်သွားခြင်းသည် အစည်းအဝေးများကျင်းပနေချိန်တွင်လည်းဖြစ်နိုင်သဖြင့် အထူးအဆန်းမဟုတ်သော်လည်း ငါးနှစ်တစ်ကြိမ်သာကျင်းပသည့် အဓိကပါတီညီလာခံ မကျင်းပမီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် ရှီ၏ပျောက်ကွယ်သွားမှုက ကောလဟလများကိုပိုမိုကြီးမားစေခဲ့သည်။

ရှီသည်အောက်တိုဘာလ ၁၆ ရက်မှစ၍ ပါတီခေါင်းဆောင်အဖြစ် တတိယမြောက်သက်တမ်းကိုလက်ခံရန်မျှော်မှန်းထားပြီး မကြာသေးမီကခေါင်းဆောင်များအနေဖြင့် သက်တမ်းနှစ်ဆက်သာဆက်ခံရမည်ဟူသော အစဉ်အလာကိုချိုးဖျက်ခဲ့သည်။

“ထိပ်တန်း ခေါင်းဆောင်များသည် အကယ်၍ ရှီ၏ခေါင်းဆောင်မှုအပေါ် အမှန်တစ်ကယ်မကျေမနပ်ဖြစ်လျှင် အနည်းဆုံးအနေဖြင့် သက်သေအထောက်အထား အနည်းငယ်တော့တွေ့နိုင်မည်ဟုထင်ပါသည်’’ ဟု King’s College London ရှိ Lau China Institute ၏ တရုပ်ဘာသာပါမောက္ခ ဒါရိုက်တာဘရောင်းကပြောကြားခဲ့သည်။

ထို့နောက်၎င်းကဆက်လက်၍ “ဒီလိုအနေအထားတွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေတော့အများကြီးမတွေ့ဖူးဘူးထင်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

Source –AP


LEAVE A REPLY

Please enter your comment!
Please enter your name here